လက်ဝဲ+ မြင်းနီကျေးရွာ စစ်တပ်ဝင်စီး၊ ငွေ ၈ သိန်းကျော်နှင့် ဖုန်းများယူသွား

လက်ဝဲ+ မြင်းနီကျေးရွာ စစ်တပ်ဝင်စီး၊ ငွေ ၈ သိန်းကျော်နှင့် ဖုန်းများယူသွား

ဇွန် ၂၉

လက်ဝဲ+ မြင်းနီကျေးရွာသို့ လူဖမ်းရန်ရောက်ရှိလာသော စစ်ကောင်စီတပ်က လူမမိသောအခါ ကျေးရွာရန်ပုံငွေကျပ် ရှစ်သိန်းကျော်နှင့် တယ်လီဖုန်းများ သိမ်းဆည်းသွားခဲ့သည်ဟု ဒေသခံများအပြောအရ သိရသည်။ 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် လက်ဝဲ + မြင်းနီကျေးရွားသို့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့် သည် အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့်အတူ လက်နက်များ ၊စစ်သင်တန်းဆင်းလူငယ်များကို ဖမ်းဆီးရန်ဟုဆိုကာ နံနက် ၄ နာရီခန့်တွင် ရောက်လာခြင်းဖြစ်သည်။

စစ်သားများက ဦးထွန်းနိုင်အိမ်သို့အရင်ဝင်ရှာပြီး လူမမိသည့်အခါ အိမ်သားများ၏တယ်လီဖုန်းနှစ်လုံးနှင့် ပိုက်ဆံများယူသွားကြပြီး ကျေးရွာ၏ နာရေးကူညီမှုအသင်းမှ ရံပုံငွေရှစ်သိန်းအား ရှာဖွေယူဆောင်သွားသည်ဟု ရွာသားတစ်ဦးက မဇ္ဈိမကိုပြောသည်။

“  ကျွန်တော်လည်းခွေးဟောင်သံတွေကြားတော့ ဒီကောင်တွေရောက်လာပြီဆိုပြီးပြေးရတာ” ဟု သူက ပြောသည်။

ထို့နောက် ကိုအောင်မိုးဦးအိမ်ကိုဆက်လက်ရှာဖွေပြီး မတွေ့သည့်အခါ ဖခင်ဖြစ်သူ အသက် ၆၀ အရွယ် ဦးအောင်ထူးကို ဖမ်းဆီးသွားကြ အိမ်တွင်ရှိသည့် မိသားစုဝင်များ၏ ဖုန်းများအား သိမ်းသွားပြန်သည်။  ဦးအောင်ထူးကိုတော့ နံနက် ၉ နာရီဝန်းကျင်အချိန်တွင် ပြန်လွှတ်ပေးခဲ့သည်။ 

လက်ဝဲ+ မြင်းနီကျေးရွာသား အသက် ၄၀ ကျော်အရွယ် ဦးထွန်းနိုင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအောင်နိုင်ရေးကိစ္စများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်သူဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်သည်။

နွားထိုးကြီးမြို့နှင့် ၁၅ မိုင်ခန့်အကွာ လှည်းလမ်းတစ်ခုသာခြားသည့် ရွာချင်းဆက် လက်ဝဲ+ မြင်းနီကျေးရွာတွင် အိမ်ခြေ ၁၅၀၀ ခန့်ရှိပြီး ယခုလိုဝင်ရောက်ရှာဖွေမှုများပြုလုပ်ခြင်းသည် ဒုတိယအကြိမ်ဟုသိရသည်။ 

နှစ်ကြိမ်လုံးတွင် ဖမ်းဆီးထိန်းသိမ်းခံရသူတော့ မရှိပေ။ အဆိုပါကျေးရွာမှ လူငယ်အများစုနှင့် တက်ကြွလှုပ်ရှားသူ သပိတ်ခေါင်းဆောင်များမှာ လက်ရှိအချိန်ထိတိမ်းရှောင်နေရဆဲဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly