ကင်းမရွာက မီးထဲပါသွားခဲ့သော အဖိုးနှင့်အဖွားအတွက် နာရေးမကျင်းပနိုင်သေး

ကင်းမရွာက မီးထဲပါသွားခဲ့သော အဖိုးနှင့်အဖွားအတွက် နာရေးမကျင်းပနိုင်သေး

ဇွန် ၂၇

ကင်းမရွာ မီးလောင်မှုထဲပါသွားခဲ့သော အသက် ၈၀ ဝန်းကျင်အရွယ် ဦးမြမောင်နှင့် ဒေါ်ကြီးမိန်တို့ ဇနီးမောင်နှံ၏ ဓာတ်ပုံများဖြစ်သည်။ 

ဆွေမျိုးသားချင်းများက သူတို့နှစ်ဦးနာရေးအတွက် သက်ပျောက်ဆွမ်းကပ်ပေးချင်သော်လည်း စစ်ကောင်စီတပ်များ၏ရန်က ခြောက်လှန့်နေဆဲဖြစ်သဖြင့် သေဆုံးခဲ့ရသည်မှာ ရက်သတ္တပတ်နှစ်ပတ်ခန့်ကြာမြင့်ပြီဖြစ်သော်လည်း ရက်လည်မကျင်းပနိုင်သေးဘဲဖြစ်နေသည်။ 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တောင်ပိုင်းမှာရှိသော ကင်းမကျေးရွာသား ဇနီးမောင်နှံသည် ရွာတောင်ပိုင်းတွင် နေထိုင်ကြပြီး မီးစတင်လောင်ကျွမ်းခဲ့သော ဦးအောင်တင်ဝင်း၏နေအိမ်နှင့် ရှစ်အိမ်ခြားသည်။

အဖိုး ဦးမြမောင်သည် ကျန်းမာရေးမကောင်းသဖြင့် လမ်းမလျှောက်နိုင်ဘဲ နေအိမ်အောက်ထပ် ကွပ်ပျစ်ပေါ်တွင် လဲလှောင်းနေခဲ့ရသူဖြစ်သလို အဖွား ဒေါ်ကြီးမိန်ကလည်း ပေါင်ကျိုး၍ စတီးရိုးထည့်ထားရပြီး ဖြည်းဖြည်းသာလမ်းလျှောက်နိုင်သူဖြစ်သည်ဟု မြေးတော်စပ်သူတစ်ဦး၏ ပြောပြချက်အရသိရသည်။ 

ရွာမီးလောင်ခဲ့သည့် ဖြစ်စဉ်အတွင်းမှာ ထွက်ပေါ်လာတဲ့ လူမှုကွန်ရက်သတင်းများပြောသလို အဖိုးအဖွားနှစ်ဦးကို အိမ်တံခါး သော့ပိတ်ပြီးထားခြင်းမျိုးမဟုတ်ဘဲ အဖွားဟာ အဖိုးအနားမှာ စောင့်ရှောက်ဖို့နေခဲ့ခြင်းဖြစ်သည်ဟု မြေးဖြစ်သူက ပြောသည်။ 

" အဖွားက စတီးရိုးတပ်ထားရတာပေါင်မှာ လမ်းတော့လျှောက်နိုင်သေးတယ်၊ သော့ပိတ်ခဲ့တာမျိုးတော့မဟုတ်ပါဘူး။ အိမ်အောက်မှာရှိနေတဲ့ အဖိုးအနားမှာ ကျန်နေခဲ့တာ။ အဖိုးက လဲနေတော့ အဖွားက အနားကမခွါတာလည်းပါတယ်၊ အဖွားက မီးလောင်နေတဲ့စောင်တွေကို ခြံထဲက ရေတွင်းထဲကိုချထားတာတွေ့တယ်။ ပြီးတော့အဖွားရဲ့ မီးလောင်နေတဲ့ အရိုးစုတွေက အဖိုးအနားမှာမရှိဘူး။ အိမ်တောင်ဘက်အနားမှာ ရှိနေတာ၊ အဖိုးမီးလောင်နေတာကို ငြိမ်းဖို့လုပ်နေရင်း သူပါမီးထဲပါသွားတာဖြစ်မယ်" လို့ မြေးဖြစ်သူကပြောသည်။ 

ဇွန်လ ၁၅ ရက် ညနေ ၄ နာရီဝန်းကျင်မှာ မီးစလောင်ပြီး နောက်နေ့ မနက်ပိုင်း ၉ နာရီခန့်တွင် မီးငြိမ်းသွားချိန် စစ်ကောင်စီတပ်များမရှိတော့၍ ရွာသို့ပြန်လာသူများက အဖိုးနှင့်အဖွား၏ အရိုးစုများကိုတွေ့ခဲ့ကြရသည်။ ထိုနေ့မှာပင် သားချင်းများက သူတို့၏ အရိုးစုများကို မီးရှို့ခဲ့ကြသည်။ သို့သော် အဖိုးနှင့်အဖွားအတွက် သက်ပျောက်ဆွမ်းကပ်ခြင်း၊ ရက်လည်အလှူအတန်းကျင်းပပေးခြင်းတို့လုပ်ရန် လက်ရှိအချိန်ထိ အခွင့်မသာသေးဘဲဖြစ်နေသည်။ ရွာမီးလောင်မှုသတင်းကြောင့် ကိုရင်ငယ်များကို မြို့တက်စာသင်တိုက်သွားအပ်ပေးနေသော ရွာဦးကျောင်းဆရာတော်ကလည်း ရွာသို့ပြန်မလာနိုင်သေးဘဲဖြစ်နေသည်။

"အဖိုးနဲ့အဖွားရဲ့ ဈာပနကိုတော့ ခုချိန်ထိ ဘာမှမလုပ်ရသေးပါဘူး။ အခြေအနေတွေကလည်းမငြိမ်တော့လေ၊ ပြောရမယ်ဆိုရင် မီးမလောင်ဘဲ ကျန်ခဲ့တဲ့ သူတွေတောင် အိမ်မပြန်ရဲတော့ဘူး၊ ဘယ်အချိန် သူတို့ထပ်လာမလဲ၊ မီးထပ်ရှို့ခံရမလားဆိုပြီးကြောက်နေကြရတာ" ဟု ရွာသားတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly