ပုလဲမြို့နယ် NLD ရုံးကို စစ်ကောင်စီက ဝင်ရောက်ဖျက်စီး၊ ဒေသခံ ၂ ဦးကို ဖမ်းဆီး

ပုလဲမြို့နယ် NLD ရုံးကို စစ်ကောင်စီက ဝင်ရောက်ဖျက်စီး၊ ဒေသခံ ၂ ဦးကို ဖမ်းဆီး

ဇွန် ၂၆

စစ်ကိုင်းတိုင်းဒေသကြီးတောင်ပိုင်း၊ ယင်းမာပင်ခရိုင် ပုလဲမြို့က NLD ရုံးကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖျက်စီးပြီး ဒေသခံနှစ်ဦးကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

ဒီကနေ့ဇွန်လ ၂၆ ရက် နေ့လယ်၂ နာရီဝန်းကျင်အချိန် ပုလဲမြို့လမ်းမကြီးပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်ရုံးကို ဖျက်စီးပြီး ကျောက်ဖျာကန်ရွာက ရွာသားနှစ်ဦးကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပုလဲမြို့နယ် NLD ပါတီတာဝန်ခံတစ်ဦးက မဇ္စျိမကိုပြောပါတယ်။ 

"နေ့လည်ပိုင်းလောက်က သူတို့ ကား ၁၂ စီးလောက်ထင်တယ်၊ ရောက်လာပြီးဆဲဆိုစိန်ခေါ်ပြီး သေနတ်တွေဖောက်တယ်၊ ပြီးတော့ အသစ်ဆောက်ထားတဲ့ ကျွန်တော်တို့ရုံးထဲကိုဝင်ပြီးဖျက်စီးကြတာ၊ အစည်းအဝေးလုပ်တဲ့နေရာက ပစ္စည်းတွေ၊ စာကြည့်တိုက်နေရာက ဗီရိုတွေကိုလဲ ရိုက်ခွဲပြီး စာအုပ်တွေကို ဖျက်စီးကြတယ်၊ အခြားမှန်တွေကိုလဲခွဲတယ်" လို့ပြောပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ NLD ရုံးကိုဖျက်ဆီးတာတွေပြုလုပ်ပြီးတဲ့အချိန် အနီးဝန်းကျင်မှာရှိတဲ့ ယက္ခရာဇာ ကွမ်းယာဆိုင်က ဆိုင်ကယ်နှစ်စီးကိုလဲ ယူဆောင်သွားတယ်လို့သိရပါတယ်။ 

အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေဟာ  ပုလဲမြို့နယ်  ကန့်ဒေါင့် ၊ မင်းတိုင်ပင် ၊ လက်ပုကန်စသည့်ကျေးရွာတွေထဲမှာ သေနတ်ပစ်ဖောက်ပြီး ကျောက်ဖျာကန်ရွာ လမ်းဘေးက ရွာသားနှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ 

"ဗူးခွံတို့၊ ပလတ်စတစ်တို့ ကောက်တဲ့ကောင်လေးနှစ်ယောက်ပါ၊ သူတို့ကို လမ်းဘေးမှာတွေ့တော့ မိုင်းခွဲတဲ့ကောင်တွေလားဆိုပြီး ဖမ်းသွားကြတာ၊ ပုလဲမြို့နယ်ရဲစခန်းက သူတို့ကအမှိုက်ကောက်တဲ့ကောင်လေးတွေပါလို့ ပြောတာတောင်မရဘူး၊ ခုလဲရဲစခန်းမှာပဲဖမ်းထားကြတယ်၊ စစ်မိန့်ဆိုတော့ရဲကလဲ မလွှတ်ပေးရဲဘူးတဲ့ "လို့ပါတီတာဝန်ခံက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly