လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို သတ်မှုနဲ့ ရဲတာဝန်ရှိသူဟောင်းကို ထောင်ဒဏ် ၂၂ နှစ်ခွဲ ချမှတ် 

လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို သတ်မှုနဲ့ ရဲတာဝန်ရှိသူဟောင်းကို ထောင်ဒဏ် ၂၂ နှစ်ခွဲ ချမှတ် 
Photo - AFP

ဇွန် ၂၆

လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို သတ်ဖြတ်မှုနဲ့ ရဲတာဝန်ရှိသူဟောင်း ဒဲရတ်ချော့ဗင်းကို တရားရုံးကနေပြီး သောကြာနေ့မှာ ထောင်ဒဏ် ၂၂ နှစ်နဲ့ ခြောက်လ ချမှတ်ခဲ့ပါတယ်။ ဂျော့ဖလွိုက် အသတ်ခံရမှုဟာ အမေရိကန်နိုင်ငံမှာ ဆယ်စုနှစ်တွေများစွာအတွင်း လူမျိုးရေးတရားမျှတမှုအတွက် တောင်းဆိုကြတဲ့ အကြီးမားဆုံး ဆန္ဒပြသမှုတွေကို ဖြစ်ပွားပေါ်ပေါက်စေခဲ့တာပါ။ 

မင်နီယာပိုလစ်က တရားရုံးမှာ အစိုးရရှေ့နေတွေ လျှောက်ထားတဲ့ ထောင်ဒဏ် နှစ် ၃၀ ထက် လျော့နည်းပြီး အခု ထောင်ဒဏ်ကို တရားသူကြီး ပီတာကာဟေးက မချမှတ်ခင် တရားခံ လူဖြူအမျိုးသား အသက် ၄၅ နှစ်အရွယ် ဒဲရတ်ချော့ဗင်းဟာ  ဖလွိုက်ရဲ့ မိသားစုကို ‘ဝမ်းနည်းကြောင်း’ ပြောဆိုခဲ့ပေမယ့် တောင်းပန်တာမျိုးတော့ မရှိပါ။ 

“အခု ထောင်ဒဏ်ဟာ ခင်ဗျားရဲ့ ယုံကြည်မှုနဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ အလွဲသုံးစား လုပ်တာအပေါ် အခြေခံသလို ဂျော့ဖလွိုက်ကို အကြင်နာကင်းမဲ့ပြီး ရက်ရက်စက်စက် လက်ရောက်ကျူးလွန်ခဲ့တာအတွက်လည်း ဖြစ်တယ်”လို့ စီရင်ချက်ကို ဂရုစိုက်ဟန် မရှိတဲ့ပုံနဲ့ နားထောင်နေတဲ့ ချော့ဗင်းကို တရားသူကြီး ကာဟေးက ပြောပါတယ်။ 

တရားရုံးမှာ ဖလွိုက်ရဲ့ ခုနစ်နှစ်အရွယ် သမီးဖြစ်သူရဲ့ ဗီဒီယိုသတင်းစကားကို ကြည့်ရှုပြီး ချော့ဗင်း မိခင်ဖြစ်သူရဲ့ ပြောဆိုချက်တွေကို နားထောင်ပြီးနောက် တရားရုံးကြားနာမှု အဆုံးသတ်မှာ အခု ထောင်ဒဏ်စီရင်ချက်ကို ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ 

ဒီ စီရင်ချက်ဟာ အမေရိကန်နိုင်ငံတွင်းမှာ လူမျိုးရေးပြန်လည်ရင်ကြားစေ့ရေးဆီ ‘သမိုင်းဝင်’ အရွေ့တစ်ခုပဲ ဖြစ်တယ်လို့ ဖလွိုက်ရဲ့ မိသားစုရှေ့နေက ပြောပါတယ်။ 

သမ္မတ ဂျိုးဘိုင်ဒင်ကလည်း “အမှုစဉ်းစားသုံးသပ်တဲ့ အခြေအနေအစုံကို ကျွန်တော် မသိပါ၊ ဒါပေမယ့် သင့်တော်ကောင်းမြတ်တဲ့ စီရင်ချက်ဖြစ်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်”လို့ ပြောပါတယ်။ 

ဖလွိုက်ရဲ့ မိသားစုတွေက ပိုပြီး ပြင်းထန်တဲ့ စီရင်ချက်ချဖို့ လိုလားကြတာ ဖြစ်ပေမယ့် အရပ်သားအခွင့်အရေး တက်ကြွလှုပ်ရှားသူ အယ်လ်ရှက်တွန်ကတော့ အခု စီရင်ချက်ဟာ ‘တာဝန်ခံမှုအတွက် သတင်းစကား’ပဲ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ 

အပြစ်ကို ဝန်ခံပြီးကတည်းက လွန်ခဲ့တဲ့ နှစ်လမှာ ထောင်ထဲမှာ ထိန်းသိမ်းထားရှိခံထားရတဲ့ ချော့ဗင်းဟာ တစ်ကမ္ဘာလုံး စိတ်ဝင်တစားရှိတဲ့ ဒီ အမှုကို ကြားနာချိန်မှာ မီးခိုးရောင်ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ 

သီတင်းခြောက်ပတ်ကြာ စစ်ဆေးကြာနာမှုကာလတစ်လျှောက် လျှောက်လဲချက်ပေး ထွက်ဆိုဖို့ ငြင်းဆန်ထားတဲ့ ချော့ဗင်းဟာ “ကျွန်တော်အနေနဲ့ ဖလွိုက်ရဲ့ မိသားစုတွေကို ကျွန်တော် စိတ်မကောင်းဝမ်းနည်းရကြောင်းကို ပြောပြလိုပါတယ်”လို့ နှာခေါင်းစည်း တပ်ဆင်ထားတာကို ချွတ်ပြီး ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ မေလအတွင်းက မင်နီယာပိုလစ်မြို့က စတိုးဆိုင်တစ်ဆိုင်မှာ အသက် ၄၆ နှစ်ရှိ ဂျော့ဖလွိုက်က ဒေါ်လာ ၂၀ အတုကို သုံးစွဲခဲ့တယ် သံသယနဲ့ ချော့ဗင်းနဲ့ လုပ်ဖော်ကိုင်ဖက် ရဲတာဝန်ရှိသူ သုံးဦးတို့က ဖမ်းဆီးခဲ့ကြပါတယ်။ 

ဖလွိုက်ကို လက်ထိပ်ခတ်ပြီး လမ်းပေါ် မှောက်လှဲဖမ်းချုပ်ထားရာမှာ ချော့ဗင်းက ဖလွိုက်ရဲ့ ကုပ်ပိုးကို ဆယ်မိနစ်နီးပါး ဒူးနဲ့ဖိထားခဲ့တာ ဖြစ်ပြီး ဖလွိုက်ရဲ့ အသက်ငင်နေတဲ့ အော်ညည်းသံကိုလည်း ဂရုစိုက်ခြင်း မရှိရာကနေ ဖလွိုက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်ကို လမ်းသွားလမ်းလာ အမျိုးသမီးက ဗီဒီယို ရိုက်ကူးပြီး အွန်လိုင်းတင်ခဲ့ရာက ပြန့်နှံ့သွားခဲ့ရာကနေ ကိုဗစ်-၁၉ ကပ်ဘေးကြားကပဲ  နိုင်ငံအနှံ့ ဆန္ဒပြသမှုကြီးတွေ ဖြစ်ပွားပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly