တရုတ်အစိုးရက ဖိအားပေးနေသော်လည်း လစ်သူရေးနီးယားနိုင်ငံက ထိုင်ဝမ်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပေးပို့

တရုတ်အစိုးရက ဖိအားပေးနေသော်လည်း လစ်သူရေးနီးယားနိုင်ငံက ထိုင်ဝမ်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပေးပို့

လစ်သူရေးနီးယားနိုင်ငံက ထိုင်ဝမ်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေး၂သောင်းကို ဇွန် ၂၂ ရက်တွင် ပေးပို့လိုက်ခြင်း ဖြင့် အင်အားကြီး တရုတ်အစိုးရကို အရဲစွန့် အန်တုလိုက်သည်။

တရုတ်အစိုးရက အရှေ့နှင့် အလယ်ဥရောပတို့ကို ဩဇာလွှမ်းမိုးနိုင်ရန် စီစဉ်ထားသည့် "17+1" သံတမန်အုပ်စုမှ နုတ်ထွက်ရန် အီးယူအဖွဲ့ဝင်ဖြစ်သည့် လစ်သူရေးနီးယားက ဆုံးဖြတ်ပြီး ရက်သတ္တပတ်အနည်းငယ် အကြာတွင် ယခုကဲ့သို့ ကာကွယ်ဆေးပေးမည့် အစီအစဉ်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုင်ဝမ်သို့ ကတိပြုထားသည့် ပမာဏ၏ ၃ ဆဖြစ်သော ကာကွယ်ဆေး ၂ ဒသမ ၅ သန်းကို ပေးအပ်ရန် အမေရိကန်က ကြေညာပြီးနောက် လစ်သူရေးနီးယားနိုင်ငံကလည်း ယခုကဲ့သို့ လှူဒါန်းရန် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကာကွယ်ဆေး အလုံး ၂ သောင်းပေးပို့ဖို့ လစ်သူရေးနီးယားအစိုးရက ယခုမနက်တွင် အတည်ပြုလိုက်သည်” ဟု လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီး ဂါဘရီလူးရက်စ် လန်းစ်ဘာဂစ်က ၎င်း၏ တွစ်တာတွင် ရေးသားခဲ့သည်။

“ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ရာမှ ထို်ငဝမ်ပြည်သူတွေနဲ့ ညီညွတ်မှုကို ပြသနိုင်လို့ ဂုဏ်ယူမိပါတယ်။ လွတ်လပ်မှုကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေအနေနဲ့ အချင်းချင်းကြည့်ရှုစောင့်ရှောက်ရမှာပါ” ဟုလည်း ၎င်းက ရေးသားသည်။

ဗြိတိန်နှင့် ကနေဒါ ပူးပေါင်းထူထောင်ထားသည့် AstraZeneca ဆေးဝါးကုမ္ပဏီမှ ဆေးများကို ယူကရိန်း၊ မော်ဒိုဗာနှင့် ဂျော်ဂျီယာနိင်ငံများသို့လည်း ပေးသွားမည်ဖြစ်ဟု လစ်သူရေးနီးယားအစိုးရ၏ တွစ်တာတွင် ရေးသားထားသည်။

ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ဝူ လက်မှတ်ထိုးထားသည့် မက်ဆေ့ချ်တစ်ခုတွင်လည်း “ကာကွယ်ဆေး လှူဒါန်းမှုအတွက် လစ်သူရေးနီးယားအစိုးရနဲ့ ပြည်သူတွေကို လှိုက်လှဲစွာ အသိအမှတ်ပြုပါတယ်” ဟု ရေးသားထားသည်။

လစ်သူရေးနီးယားသည် တရုတ်နှင့်ပတ်သက်၍ ဥရောပ၏ ပိုမိုပြင်းထန်သည့် ရပ်တည်ချက်ပေါ်တွင် ရှိနေသည်။ တရုတ်၏ 17+1 အဖွဲ့အစည်းမှ နှုတ်ထွက်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်လအတွင်း ကြေညာခဲ့ပြီး အခြားဥရောပသမဂ္ဂနိုင်ငံများအနေဖြင့်လည်း ကန့်ကွက်ရန် တောင်းဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly