အိန္ဒိယနှင့် ဖီဂျီတို့ စိုက်ပျိုးရေးနှင့် မိတ်ဖက်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုး

အိန္ဒိယနှင့် ဖီဂျီတို့ စိုက်ပျိုးရေးနှင့် မိတ်ဖက်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုး

အိန္ဒိယနှင့် ဖီဂျီနိုင်ငံတို့အကြား စိုက်ပျိုးရေးလုပ်ငန်းနှင့် မိတ်ဖက်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ (MoU)တစ်ရပ်ကို ဇွန် ၂၂ ရက်က လက်မှတ်ရေးထိုးလိုက်သည်။

MoU ကို နှစ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးများက အွန်လိုင်းမှတစ်ဆင့် ရေးထိုးလိုက် ပြီး လုပ်ငန်းများ အကောင်အထည်ဖော်ရေးကို ၎င်းတို့ဝန်ကြီးဌာနများက ဆောင်ရွက်သွားမည်ဟု အိန္္ဒိယအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုရေးထိုးသည့် MoU သည် နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး ပိုမိုတိုးတက်စေရန် ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီး ဆင်းဂ်တိုမာက ပြောကြားသည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက စိုက်ပျိုးရေးနှင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးကို အောက်ခြေအဆင့်မှ စတင်ရန် ရည်ရွယ်ထားကြောင်း တိုမာက အစည်းအဝေးတွင် ပြောကြားသည်။

အိန္ဒိယနှင့် ဖီဂျီတို့အကြား ရင်းနှီးချစ်ခင်သောဆက်ဆံရေးသည် အပြန်အလှန်လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အားကောင်းသည့် ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ပူးပေါင်းမှုအပေါ်တွင် မူတည်ကြောင်း ၎င်းက ပြောကြားသည်။

“အစားအစာနှင့် စိုက်ပျိုးရေးတို့ဟာ ရာသီဉတုဖောက်ပြန်မှုနဲ့ နီးကပ်စွာ ဆက်စပ်နေပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ကမ္ဘာပေါ်မှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို နှစ်နိုင်ငံစလုံးက ပူးပေါင်းဆောင်ရွက်သွားပါမယ်” ဟုလည်း ထည့်သွင်းပြောဆိုသည်။

ဖီဂျီ စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာမဟင်ဒရာ ရက်ဒီကလည်း MoU ရေးထိုးနိုင်ခြင်းအပေါ် ဝမ်းမြောက် ကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို တူညီသော စိတ်ထားဖြင့် အားကောင်းအောင် ထိန်းသိမ်းသွားမည်ဟု ပြောကြားခဲ့သည်။

၅ နှစ် သက်တမ်းရှိ MoU ကို ပူးတွဲလုပ်ငန်းကော်မတီက လိုအပ်သည့် အစီအစဉ်များကို ချမှတ်ရေးဆွဲ အကောင်အထည်ဖော်မည်ဖြစ်ပြီး အိန္ဒိယနှင့် ဖီဂျီတို့တွင် ၂ နှစ်လျှင် ၁ ကြိမ် အစည်းအဝေးများ ကျင်းပသွားမည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly