အီသီယိုးပီးယားမှာ ဈေးတစ်ဈေးကို လေကြောင်းတိုက်ခိုက်ရာ လူ ၆၀ ကျော်သေဆုံး 

အီသီယိုးပီးယားမှာ ဈေးတစ်ဈေးကို လေကြောင်းတိုက်ခိုက်ရာ လူ ၆၀ ကျော်သေဆုံး 
Photo - AFP

ဇွန် ၂၅

အီသီယိုးပီးယားနိုင်ငံက စစ်ဖြစ်နေရာ တီဂရေးဒေသက ဈေးတစ်ဈေးကို လေကြောင်းတိုက်ခိုက်မှုတစ်ရပ်မှာ အနည်းဆုံး လူ ၆၄ ဦး သေဆုံးပြီး ၁၈၀ ဒဏ်ရာရတယ်လို့ ဌာနေကျန်းမာရေးတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ကြာသပတေးနေ့မှာ ပြောပါတယ်။ 

“ဈေးဧရိယာမှာ လေကြောင်းတိုက်ခိုက်ခံရတာပါ၊ ဒဏ်ရာရသူတွေ တော်တော်လေးကို များတယ်”ဆိုပြီး မိခင်နှင့် ကလေးကျန်းမာရေးဆိုင်ရာ တီဂရေးဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ မူလူအက်စဘာဟာက ပြောပါတယ်။ 

တိုဂိုဂါမြို့မှာ အင်္ဂါနေ့က ဖြစ်ပွားတဲ့ ဒီ လေကြောင်းတိုက်ခိုက်မှုမှာ လူ ၁၈၀ ထိခိုက်ဒဏ်ရာရတာလို့လည်း မူလူက ဖြည့်စွက်ဆိုပါတယ်။ 

ဒေသရဲ့ မြို့တော် မီကီလီမြို့ရဲ့ အနောက်မြောက်ဖက် ၁၈ မိုင်အကွာမှာ ဖြစ်ပွားတဲ့ လေကြောင်းတိုက်ခိုက်မှုက သေဆုံးဒဏ်ရာရတဲ့ ဦးရေကို ဒေသခံတွေဆီကနေ စုစည်းကောက်ယူပြီး ဒေသခေါင်းဆောင်တွေနဲ့အတူ အတည်ပြုတာလို့ သူက ပြောပါတယ်။ 

အီသီယိုးပီးယား စစ်တပ်ပြောခွင့်ရသူကတော့ စစ်တပ်ဟာ တိုဂိုဂါမြို့မှာ တိုက်ခိုက်ရေး ဆင်နွှဲခဲ့တယ်လို့ ပြောပေမယ့် သူပုန်တိုက်ခိုက်ရေးသမားတွေကိုပဲ ပစ်မှတ်ထားခဲ့တယ်လို့ ကြာသပတေးနေ့မှာ ပြောပါတယ်။ 

“ဒီ စစ်ဆင်ရေးဟာ အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတာကို ကျွန်တော်တို့ လက်မခံဘူး”လို့ ဗိုလ်မှူးကြီး ဂက်နက်အက်ဒန်က အေအက်ဖ်ပီကို ပြောပြီး သေဆုံးသူ၊ ဒဏ်ရာရသူတွေဟာ အရပ်သားလို ဝတ်ဆင်ထားတဲ့ တိုက်ခိုက်ရေးသမားတွေပါလို့ အခိုင်အမာပြောဆိုပါတယ်။ 

ဒါပေမဲ့ အရောင်းအဝယ် အစည်ကားဆုံး အချိန် ဈေးမှာ ပေါက်ကွဲသံတွေကို ကြားရပြီး ကလေးငယ်တွေအပါအဝင် ဒါဇင်များစွာ အသက်သေဆုံး ထိခိုက်ဒဏ်ရာရကြတယ်လို့ စောင့်ကြည့်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ 

ဒီ တိုက်ခိုက်မှုကို အားချင်းစုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။ 

နိုင်ငံတွင်းမှာ တနင်္လာနေ့က ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မဲရေတွက်နေဆဲ ကာလမှ အခု တိုက်ခိုက်မှု ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခစစ်ပွဲတွေ ဖြစ်နေရာ တီဂရေးဒေသမှာတော့ မဲပေးတာ မရှိသလို မကြာသေးတဲ့ ရက်တွေမှာ တိုက်ပွဲတွေလည်း ပြင်းထန်လာတာ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ် အက်ဘေးအာမတ်က အောင်ပွဲ အမြန်ရမယ် ကတိပေးရင်း တီဂရေးဒေသ သဘောထားကွဲလွဲတဲ့ ခေါင်းဆောင်တွေကို ဖြုတ်ချဖို့အတွက် နိုဝင်ဘာလအတွင်းမှာ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် တိုက်ပွဲတွေဟာ နောက်ပိုင်း ရှစ်လနီးပါးအထိ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူ ၃၅၀၀၀၀ ဟာ အငတ်ဘေး ချောက်ကမ်းပါးမှာ ရောက်ရှိနေတယ်လို့ ကုလသမဂ္ဂက သတိပေးလာတာနဲ့အတူ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းတွေ ဖြစ်ပေါ်ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly