အီရန်အစိုးရ သတင်း၀က်ဘ်ဆိုဒ်များကို အမေရိကန် ထိန်းချုပ်

အီရန်အစိုးရ သတင်း၀က်ဘ်ဆိုဒ်များကို အမေရိကန် ထိန်းချုပ်
Photo - AFP

ဇွန် ၂၃

အီရန်အစိုးရနှင့် ပတ်သက်သည့် သတင်းမီဒီယာ၀က်ဘ်ဆိုဒ် ၃၃ ခုကို ထိန်းချုပ်ပိတ်ပင်လိုက်ကြောင်း အမေရိကန် တရားရေး၀န်ကြီးဌာနက ဇွန်လ ၂၃ ရက်တွင် ပြောသည်။

အဆိုပါ ၀က်ဘ်ဆိုဒ်များအပြင် အီရတ်အဖွဲ့တစ်ခုဖြစ်သည့် ကက်တက်ဘ် ဟက်ဇ်ဘိုလာ၏ ၀က်ဘ်ဆိုဒ်သုံးခုကိုလည်း ပိတ်ပင်လိုက်ကြောင်းနှင့် ယင်းသည် အရေးယူဒဏ်ခတ်မှုများကို ချိုးဖောက်လျက် အမေရိကန် ပိုင်ဆိုင်သော ဒိုမိန်းများတွင် သိုလှောင်ထားသည်ဟု အမေရိကန်က ပြောသည်။

အီရန်နိုင်ငံ၏ အဓိက အင်္ဂလိပ်ဘာသာနှင့် အာရပ် ဘာသာစကား ရုပ်သံဌာနများဖြစ်သည့် Press TV နှင့် Al-Alam တို့ကဲ့သို့ မီဒီယာဆိုဒ်များနှင့် ယီမင်၏ ဟူသီတို့၏ Al-Masirah တီဗီချန်နယ်တို့သို့ ၀င်ရောက်ကြည့်ရှုသူများသည် စာမျက်နှာတစ်ခုပါ ထုတ်ပြန်ချက်များကိုသာ တွေ့ရပြီး ထိုထုတ်ပြန်ချက်များအရ ၀က်ဘ်ဆိုဒ်ကို အမေရိကန်အစိုးရက ထိန်းချုပ်လိုက်သည်ဟု ဖော်ပြထားသလို ဖက်ဒရယ် စုံစမ်းစစ်ဆေး‌ရေးဗျူရို နှင့် အမေရိကန် ကူးသန်းရောင်း၀ယ်ရေးဌာနတို့၏ တံဆိပ်များကိုလည်း အတူတွေ့ရှိခဲ့ရသည်။

အီရန် တော်လှန်ရေး ပြည်စောင့်တပ် (IRGC) ၏ ထိန်းချုပ်မှုအောက်ရှိ အီရန် အစ္စလမ္မစ် ရေဒီယိုနှင့် တယ်လီဗေးရှင်း သမဂ္ဂ (IRTVU) က အထက်ပါ ၀က်ဘ်ဆိုဒ် ၃၃ ခုကို အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။

IRGC နှင့် IRTVU တို့သည် အမေရိကန်၏ အရေးယူပိတ်ဆို့မှု အမည်ပျက်စာရင်းတွင် ရှိနေသည်ဖြစ်သည့်အတွက် အမေရိကန်နိုင်ငံသားများ၊ အမေရိကန် ကုမ္ပဏီများ၊ အမေရိကန်လုပ်ငန်းခွဲများဖွင့်ထားသည့် ပြည်ပ သို့မဟုတ် အမေရိကန်မဟုတ်သော ကုမ္ပဏီများအနေဖြင့် အထက်ပါ အီရန်အဖွဲ့အစည်းများ သို့မဟုတ် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများနှင့် စီးပွားရေးပတ်သက်လုပ်ကိုင်မှုမှာ တရားမ၀င်ဖြစ်မည်ဖြစ်သည်။

ဆိုဒ်သုံးခု အပိတ်ခံရသည့် အီရတ်အုပ်စု ကက်တက်ဘ် ဟက်ဇ်ဘိုလာသည် တီဟီရန်နှင့် နီးစပ်မှု ရှိသည့် စစ်ဘက်ဂိုဏ်းတစ်ခုဖြစ်ပြီး ယင်းကိုလည်း အကြမ်းဖက်အုပ်စုအဖြစ် အမေရိကန်က တရား၀င် သတ်မှတ်ထားပြီးဖြစ်သည်။

ပါလက်စတိုင်း စီစဉ်ညွှန်ကြားသည့် ရုပ်သံဌာနတစ်ခုဖြစ်သည့် Palestine-Al Youm နှင့် အာရပ်ဘာသာစကားဖြင့် ထုတ်လွှင့်သည့် ဘာသာရေးနှင့် ယဉ်ကျေးမှု ချန်နယ်တစ်ခုအပါအ၀င် အခြား ၀က်ဘ် ဒိုမိန်းများလည်း အပိတ်ခံရသည်ထဲ ပါ၀င်ခဲ့ကြောင်း Al-Alam ၏ မိခင်အဖွဲ့အစည်းဖြစ်သည့် အီရန် အစ္စလမ္မစ် သမ္မတနိုင်ငံ ရုပ်သံလွှင့် ကော်ပိုရေးရှင်း (IRIB) က ဖော်ပြသည်။

လန်ဒန်နှင့် ဘေရွတ်တို့တွင် ရုံးများ ဖွင့်လှစ်ထားပြီး အတိုက်အခံအုပ်စုများ ကိုင်တွယ်သော ချန်နယ်တစ်ခုဖြစ်သည့် ဘာရိန်း၏ LuaLua TV ကိုလည်း အမေရိကန်က ထိန်းချုပ်ပိတ်ပင်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်း‌ထောက်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ပိတ်ပင်ထိန်းချုပ်မှုများ လုပ်ဆောင်ခြင်းအားဖြင့် အမေရိကန်သည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် ဖိနှိပ်နေသည်ဟု IRIB က စွပ်စွဲခဲ့သလို ဒေသတွင်း၌ အမေရိကန်၏ မဟာမိတ်များ၏ ပြစ်မှုကျူးလွန်မှုများကို ဖော်ထုတ်ရေးသားနေသည့် တော်လှန်ရေး လိုလားသော မီဒီယာလုပ်ငန်းများကို ပိတ်ဆို့ရန် အမေရိကန်သည် အစ္စရေး၊ ဆော်ဒီအာရေးဗျတို့နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း IRIB က စွပ်စွဲသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly