အီသီယိုးပီးယားမှာ တီဂရေးဒေသ စစ်ဘေးနဲ့ အငတ်ဘေး ရင်ဆိုင်နေရချိန် ရွေးကောက်ပွဲ ကျင်းပ 

အီသီယိုးပီးယားမှာ တီဂရေးဒေသ စစ်ဘေးနဲ့ အငတ်ဘေး ရင်ဆိုင်နေရချိန် ရွေးကောက်ပွဲ ကျင်းပ 

ဇွန် ၂၁

အီသီယိုးပီးယားနိုင်ငံမှာ တီဂရေးဒေသအတွင်း စစ်ပွဲနဲ့ အငတ်ဘေး ကြုံဆုံနေရတဲ့ကြားကပဲ နှောင့်နှေးနေတဲ့ ရွေးကောက်ပွဲကို တနင်္လာနေ့မှာ ကျင်းပတာကြောင့် မဲပေးသူပြည်သူတွေဟာ မဲရုံတွေဆီ လာရောက်မဲပေးကြပါတယ်။ 

အခု ရွေးကောက်ပွဲ မဲပေးမှုရဲ့ ယုံကြည်ရမှုနဲ့ ပတ်သက်လို့လည်း မေးခွန်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။  

အာဖရိကရဲ့ ဒုတိယလူဦးရေအများဆုံး အီသီယိုးပီးယားမှာ ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေး ကြိုးပမ်းလှုံ့ဆော်ပြီး ၂၀၁၈ မှာ အာဏာရခဲ့တဲ့ ဝန်ကြီးချုပ် အာဘေးအာမတ်အတွက်တော့ ပထမဆုံး ရွေးကောက်ပွဲဆိုင်ရာ စမ်းသပ်မှုလည်းပဲ ဖြစ်နေပါတယ်။ 

“ဒီ ရွေးကောက်ပွဲကတော့ မတူခြားနားပါတယ်”လို့ မြို့တော် အက်ဒစ်အဘာဘာက မဲရုံမှာ လာရောက်မဲပေးတဲ့ အသက် ၄၅ နှစ်အရွယ် ခရီးသွားလုပ်ငန်းကိုယ်စားလှယ်ဖြစ်သူ ဂျီဘရက်ဇီယာဘဟာက ပြောပါတယ်။ “အခု ရွေးကောက်ပွဲမှာ ရွေးချယ်စရာ ပါတီတွေ များတယ်၊ အရင်ကတော့ တစ်ပါတီပဲ ရှိခဲ့တယ်၊ ကျွန်တော်တို့မှာ ရွေးချယ်ခွင့် မရှိခဲ့ဘူး”လို့ သူက ဆိုပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးခဲ့ပြီး ပြည်ပြေးတွေကို ပြန်လည်လက်ခံကြိုဆိုခဲ့တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရ ဝန်ကြီးချုပ် အာဘေးအာမတ်ကတော့ ဒီ ရွေးကောက်ပွဲဟာ သမိုင်းမှာ ယှဉ်ပြိုင်မှုအများဆုံးနဲ့ အရင်က အမည်းစက်ထင်ခဲ့တဲ့ အစိုးရဆန့်ကျင်သူတွေကို ဖိနှိပ်တာမျိုးတွေ ကင်းဝေစေရမယ်လို့ ကတိပြုထားတာ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ် အာဘေးအာမတ်ဟာ အိမ်နီးချင်း အီရီထရီးယားနဲ့ ကာလရှည် စစ်အေးတိုက်ပွဲကို အဆုံးသတ်စေခဲ့သူ ဖြစ်ပေမယ့် တီဂရေးဒေသက သဘောထားကွဲလွဲတဲ့ ခေါင်းဆောင်တွေကို စစ်တိုက်ဖို့အတွက် ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

တီဂရေးဒေသက ဖြစ်ပွားဆဲ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ အငတ်ဘေးနဲ့ မဲဆန္ဒနယ် ငါးပုံတစ်ပုံလောက်မှာ ရွေးကောက်ပွဲတွေကို စီစဉ်ထားတဲ့အတိုင်း မကျင်းပနိုင်တာတွေကြောင့် ဝန်ကြီးချုပ်ရဲ့ ကတိပြုပြောဆိုချက်တွေကို သံသယရှိစရာ ဖြစ်လာပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly