စဉ့်ကူးမြို့နယ် လူငယ် ၂ ဦးကို စစ်ကောင်စီတပ်ပစ်ခတ်၍ ၁ဦးသေ  

စဉ့်ကူးမြို့နယ် လူငယ် ၂ ဦးကို စစ်ကောင်စီတပ်ပစ်ခတ်၍ ၁ဦးသေ  

ဇွန် ၂၀

စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာမှာ ယနေ့ည၉နာရီဝန်းကျင်က လူငယ်နှစ်ဦးကိုစစ်ကောင်စီတပ်တွေကသေနတ်နဲ့ပစ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ည၈နာရီမိနစ်လေးဆယ်ခန့်မှာ လက်ပန်လှစာသင်ကျောင်းရှေ့မှာ သေနတ်သံလေးချက်ကြားလိုက်ရပြီး လူငယ်တစ်ဦးနေရာမှာတင်သေဆုံးကာ တစ်ဦးဟာပေါင်သေနတ်မှန်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးစလုံးကို စစ်ကောင်စီတပ်တွေကခေါ်သွားခဲ့ကြောင်း ဒေသခံများကအတည်ပြုထားသည်။

လက်ပန်လှကျေးရွာတွင်မည်သည့်သပိတ်လှုပ်ရှားမှုများမှမရှိဘဲ ညမထွက်ရအမိန့်ကျော်တာကြောင့်ပစ်ခတ်ခြင်းဖြစ်သည်ဟုဒေသခံများကခန့်မှန်းထားကြသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် စာသင်ကျောင်းအနီးတွင် လက်ပန်လှနယ်မြေရဲစခန်းတည်ရှိနေပြီး စစ်ကောင်စီတပ်များတပ်ဆွဲထားကြောင်းသိရသည်။

သပိတ်လှုပ်ရှားမှုများမရှိသော်လည်း လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်များက တစ်ရက်ခြားက ကား၊ဆိုင်ကယ်များကို စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လကလည်း လက်ပန်လှကျေးရွာအနီးချောင်းကြီးကျေးရွာနှင့် ကျည်ထောက်ပေါက်ကျေးရွာတို့ကို စစ်ကောင်စီတပ်တွေကဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ကိုးတန်းကျောင်းသူတစ်ဦးအပါအဝင်လူသေဆုံးမှုများရှိခဲ့သေးသည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း လက်ပန်လှကျေးရွာအတွင်းက သံသယရှိသူလူငယ်သုံးဦးကို ညအချိန်တွင်စစ်ကောင်စီတပ်များဝင်ရောက်ဖမ်းဆီးသွားသေးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly