အိန္ဒိယမှာ ဂင်္ဂါမြစ်ထဲ မျောလာတဲ့ သစ်သားပုံးထဲကနေ မွေးကင်းစကလေးငယ်ကို တွေ့ရှိကယ်ဆယ်

အိန္ဒိယမှာ ဂင်္ဂါမြစ်ထဲ မျောလာတဲ့ သစ်သားပုံးထဲကနေ မွေးကင်းစကလေးငယ်ကို တွေ့ရှိကယ်ဆယ်
Photo - AFP

ဇွန် ၁၈

အိန္ဒိယနိုင်ငံမှာ ဂင်္ဂါမြစ်ထဲ ပေါလောပေါ် မျောလာတဲ့ သစ်သားပုံးတစ်ပုံးထဲကနေ အသက်ရှင်လျက် ရှိနေတဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့ပါတယ်။

ယခုအခါ အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်‌ဆောင်နေပြီလို့ အိန္ဒိယရဲတပ်ဖွဲ့က ဇွန်လ ၁၇ ရက်မှာ ပြောပါတယ်။

မြစ်ထဲ မျောလာတဲ့ ပုံးရဲ့ အတွင်းပိုင်းမှာ‌တော့ အနီရောင်အထည်စတစ်စ ထည့်ထားပြီး အထဲမှာ ဟိန္ဒူနတ်ဘုရားတွေရဲ့ ပုံတွေလည်း ပါနေပါတယ်။ ဒါ့အပြင် ပုံးထဲမှာ မွေးကင်းစ မိန်းကလေးငယ် မွေးဖွားတဲ့ အချိန်နဲ့ နေ့ရက်တို့ကို ပေးထားတဲ့ ဇာတာခွင်တစ်ခုလည်း ပါရှိလာပြီး ယင်းရဲ့အဆိုအရ အဆိုပါ မိန်းကလေးငယ်ရဲ့ နာမည်ကို ဂင်္ဂါလို့ ပေးထားတယ်လို့လည်း သိရပါတယ်။

တစ်လသား သာသာရှိပြီလို့ ယုံကြည်ရတဲ့ အဆိုပါ ကလေးငယ်လေးကိုတော့ ယခုအပတ် အစောပိုင်းက ဥတာ ပရာဒက်ရှ် ပြည်နယ်မှာ လှေတစ်စီးနဲ့ သွားလာနေခဲ့တဲ့ အမျိုးသားတစ်ဦးက မြစ်ကမ်းစပ်နားက ဒိုက်ဖက်ချုံနွယ်တွေထဲကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ဒီ ကလေးလေး မြစ်ထဲမှာ မျောနေခဲ့တာ ဘယ်လောက်ကြာကြာ ရှိနေခဲ့သလဲ ဆိုတာကို မှန်းဆရဖို့တော့ ခက်ပါတယ်၊ လှေသမားဟာ ပုံးထဲကနေ အသံထွက်ပေါ်လာတာကို ကြားခဲ့ပြီး အဲဒီ‌နောက် ကလေးကို တွေ့ခဲ့တာဖြစ်ပါတယ်” လို့ ဒေသရဲ၀န်ထမ်းတစ်ဦးဖြစ်တဲ့ အိုပီ ဆင်းန်က အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

“လက်ရှိမှာတော့ ဒီကလေးဟာ ကျန်းမာရေး ကောင်းပါတယ်၊ ခုလောလောဆယ်မှာ သူ့ကို ဆေးဘက်ဆိုင်ရာ ‌စောင့်‌‌‌ရှောက်မှု ပေးနေပါတယ်၊ ဒီကလေးနဲ့ပတ်သက်လို့ အစိုးရက အားလုံး တာ၀န်ယူစောင့်ရှောက်သွားပါလိမ့်မယ်” လို့ ၎င်းက ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် ဒီကလေးကို ဘယ်သူက စွန့်ပစ်လိုက်သလဲ၊ သူ့ရဲ့ မူလနေရာက ဘယ်နေရာလဲ ဆိုတာကို သိရဖို့တော့ ကျွန်တော်တို့ စုံစမ်းဖို့ ကြိုးစားနေပါတယ်” လို့လည်း ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly