မြန်မာစစ်တပ်ထံ လက်နက်စီးဆင်းမှု တားဆီးရေး တောင်းဆိုမည့် ဆုံးဖြတ်ချက် ကုလ အထွေထွေညီလာခံ၌ ဆွေးနွေးဆုံးဖြတ်မည်

မြန်မာစစ်တပ်ထံ လက်နက်စီးဆင်းမှု တားဆီးရေး တောင်းဆိုမည့် ဆုံးဖြတ်ချက် ကုလ အထွေထွေညီလာခံ၌ ဆွေးနွေးဆုံးဖြတ်မည်
Photo - AFP

ဇွန် ၁၈

အကြမ်းဖက်မှုဒဏ် ဖိစီးခံနေရသည့် မြန်မာနိုင်ငံထဲ “စစ်လက်နက်များ စီးဆင်းမှု” ကို ထိန်းချုပ်ဟန့်တားရေး တောင်းဆိုပြီး အာဏာသိမ်းစစ်အုပ်စုအပေါ် ပြစ်တင်ရှုတ်ချမည့် ဆုံးဖြတ်ချက်တစ်ရပ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဇွန်လ ၁၈ ရက်၌ ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သံတမန်များက ပြောသည်။

အဆိုပါ နေ့တစ်နေ့တည်းမှာပင် ကုလ လုံခြုံ‌ရေးကောင်စီတွင်လည်း မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်သွားရန် ရှိနေသည်။

အ‌ထွေထွေညီလာခံ၏ မူကြမ်းဆုံးဖြတ်ချက်သည် ပြီးခဲ့သည့် သီတင်းပတ်များကတည်းက စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး ယင်းသည် အနောက်အုပ်စုနှင့် အာဆီယံနိုင်ငံများအကြား ဆွေးနွေးမှုများမှ ရလာသော ရလဒ်တစ်ခုလည်း ဖြစ်သည်။

နှစ်ဘက်စလုံးအနေဖြင့် ဇွန် ၁၈ ရက်တွင် အဆိုပါ ဆုံးဖြတ်ချက်ကို မဲခွဲခြင်းထက် အများဆန္ဒဖြင့် အတည်ပြုနိုင်ရေးကို အ‌လေးပေးလုပ်ဆောင်ကြရန် ရှိကြောင်း သံတမန်တစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး တရုတ်၏ ရပ်တည်ချက် မည်သို့ရှိမည် ဆိုသည်ကို ဇွန်လ ၁၇ ရက်အထိ မသိရှိရသေးပေ။ ညီလာခံတွင် မည်သည့်နိုင်ငံကမဆို မဲခွဲဆုံးဖြတ်ရန်အတွက် တောင်းဆိုနိုင်ပြီး ယင်းအချိန်တွင် ပေကျင်းအနေဖြင့် မဲမပေးဘဲ နေနိုင်ကြောင်း သံတမန်များက ပြောသည်။

ပြီးခဲ့သည့် မေလလယ်က အဆိုပါ မြန်မာ့အရေး ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အတည်ပြုရန် ပထမဆုံး ကြိုးပမ်းခဲ့သေးပြီး ယင်းနောက် အဆိုပါ မူကြမ်းတွင် အာဆီယံနိုင်ငံများ၏ ထောက်ခံမှု ပိုမိုရရှိရန် ညှိနှိုင်းလိုသေးသည့်အတွက် ယင်းကို နောက်ဆုတ်ရွှေ့ဆိုင်းခဲ့သည်။

အဆိုပါ မူလပထမ ကြိုးပမ်းထားခဲ့သည့် မူကြမ်းစာသားထဲတွင် မြန်မာကို စစ်လက်နက်အားလုံး၊ ခဲယမ်းမီးကျောက်များနှင့် အခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရောင်းချ၊ ထောက်ပံ့၊ လွှဲပြောင်းပေးမှုကို ချက်ချင်း ရပ်ဆိုင်း‌ရေး ဆိုပြီး တောင်းဆိုထားခဲ့သည်။

သို့သော် ယခု အသစ်ပြင်ဆင်ထားသော မူကြမ်းစာသားမှာ ပထမတစ်ခုနှင့်ယှဥ်ပါက ပိုမိုမရေရာသည့် သဘောဆောင်နေပြီး ယခုအသစ်မူကြမ်းတွင် ယင်းက မြန်မာထံ လက်နက်စီးဆင်းမှု ပိတ်ပင်တားဆီးရေး အဖွဲ့၀င်နိုင်ငံအားလုံးကို တောင်းဆိုကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်၏ လများစွာနှင့်ကြာ လူမဆန်သော ဖြိုခွင်းနှိမ်နင်းမှုများကြောင့် အရပ်သား ၈၅၀ ကျော် သေဆုံးထားခဲ့ရပြီးနောက် အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်ပြီး စည်းလုံးညီညွတ်မှုရှိသည့် အရေးယူမှုများ လုပ်ဆောင်ရေး ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မကြာသေးခင်က ကုလထံ စာရေးသားပေးပို့တောင်းဆိုထားခဲ့သည်။

မြန်မာကို လက်နက်ရောင်းချမှု အလုံးစုံ ပိတ်ပင်ရေးကို လိုလားထောက်ခံထားသည့် ကုလ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်ထားခဲ့ပြီး ၎င်းသည် မြန်မာကိုယ်စားပြုသံအမတ်မဟုတ်တော့ ဆိုသည့် စစ်ကောင်စီ၏ ပြောဆိုချက်ကို အရေးမစိုက်ဘဲ ပယ်ချထားသည်။ ကုလသမဂ္ဂကလည်း ၎င်းသာလျင် မှန်ကန်သည့် သံတမန်ဖြစ်သည်ဟု ဆက်လက်ရှုမြင်ထားသည်။

ယခု ကုလအထွေထွေညီလာခံ မူကြမ်းဆုံးဖြတ်ချက်ထဲတွင် မြန်မာတွင် ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးရေး၊ ထိန်းသိမ်းခံ အရပ်သားခေါင်းဆောင်များအားလုံး ပြန်လွတ်ရေး၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအားလုံးအပေါ် စစ်တပ်ဘက်မှ အကြမ်းဖက်ဖြိုခွင်းမှုအားလုံး ရပ်ဆိုင်းရေးကိုလည်း တောင်းဆိုထားကြောင်း သိရသည်။

ထိုပြင် မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် ခန့်အပ်ရေးအပါအ၀င် အာဆီယံ ဘုံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ရေးကိုလည်း ယင်းက တောင်းဆိုထားသည်။

နိုင်ငံ ၅၀ ကျော်က ပူးတွဲတင်သွင်းသည့် ထိုမူကြမ်းစာသားထဲတွင် မြန်မာဆိုင်ရာ ကုလသံတမန် ခရစ္စတင်း ရှာရန်နာ ဘာဂျီနာကို မြန်မာနိုင်ငံထဲ ၀င်ခွင့်ပြုရေးနှင့် လူသားချင်းစာနာမှုအကူအညီများ လုံခြုံဘေးကင်းစွာ ၀င်‌ရောက်ခွင့်တို့အတွက် စစ်အုပ်စုကို တောင်းဆိုထားသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required