နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၆ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၆ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၁၆ ရက် ၊ ဖားကန့်မြို့နယ် တာမခန်မြို့သစ် လူငယ်များ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မြင်ကွင်း( Photo - CJ )

ရန်ကုန်တိုင်းဒေသကြီး

• စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ ရှမ်းကုန်းလမ်းနှင့် အောင်တော်မူလမ်းနေ လူငယ်နှစ်ဦး စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားသည်။

• တောင်ဒဂုံမြို့နယ် (၇၁) ရပ်ကွက်ရုံးအနီးတွင် ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

• ရန်ကုန်တိုင်း သန်လျင်-ကျောက်တန်းမြို့နယ် ဒုပညာရေးမှူး ဦးအေးထွန်းမှာ ယနေ့နံနက်ပိုင်း အ.ထ.က (၁) ကျောင်းရှေ့တွင် လူတစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားသည်ဟု သိရကာ ၎င်းကြောင့် CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသည်ဟု သိရသည်။

• လှိုင်သာယာမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်ရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးလှဦးမှာ ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က ပင်လုံစျေးမှတ်တိုင်ရှိ ၎င်း၏ နေအိမ်အနီးတွင် သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံးခဲ့သည်။ ယင်းပစ်ခတ်သတ်ဖြတ်ခံရမှုအပြီး စစ် အုပ်စုလက်နက်ကိုင်များက လှိုင်သာယာမြို့နယ်အတွင်း လုံခြုံရေးတင်းကြပ်ထားကာ မြို့နယ်အဝင် ဘုရင့်နောင် အောင်ဇေ ယျကြိုးတံတား၊ ရွှေပြည်သာတံတားများအား ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

• ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Junction City တွင် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး၊ ရဲ၊ စစ်သားအပြင် ဗုံးရှင်းလင်းရေးအဖွဲ့များပါ လုံခြုံရေးအဖွဲ့က နံနက် ၁၀ နာရီခွဲခန့်က ဖြတ်သန်းသွားလာသည့်သူများအား လွယ်အိတ်များအတွင်းကိုပါ မွှေနှောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး

• စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်မှုဖြင့် တောင်သာမြို့တွင် စစ်အုပ်စုက ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ထားသူ မအိတုံ (အိတုံစတိုး) အား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့က ဖမ်းဆီးသွားသည်။

• မြင်းခြံတွင် စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့များက အိမ်စီးကားတစ်စီး၊ အရပ်ဝတ်ဆိုင်ကယ်စီး လက်နက်ကိုင်အချို့ဖြင့် အမှတ် (၇/ခ) ရပ်ကွက်တွင်းရှိ ပုဒ်မ ၅၀၅ ထုတ်ခံထားရသည့် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီဝင် ကိုလှမျိုးကျော်နှင့် အခြားသူတစ်ဦးအိမ်အား ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကာ ကြိုတင်တိမ်းရှောင်နေသည့်အတွက် လွတ်မြောက်သွားသည်ဟု သိရသည်။ ကိုလှမျိုးကျော်အိမ်အား စစ်အုပ်စုက ဝင်ရောက်ရှာဖွေခြင်း ပြုလုပ်သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကာ ပထမအကြိမ်ကလည်း ဝရမ်းစာရွက်ကပ်ထားခဲ့ဖူးသည်။

• မြင်းခြံမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ ကွမ်းစိုက်ကျေးရွာတွင် ဇွန်လ ၁၅ ရက်က စစ်တပ်ထောက်ခံသူ ကျေးရွာကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးမြင့်ကျော် ဓားခုတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသည်ဟုဆိုကာ ယနေ့နံနက်ပိုင်းက လိုက်လံဖမ်းဆီးမှုများ လုပ်နေသည့်အ တွက် လူငယ်နှင့် လူလတ်ပိုင်းအများစု တိမ်းရှောင်နေကြရသည်။

• သပိတ်ကျင်းမြို့နယ် ပေါက်တပင် အ.ထ.က နှင့် ရွှေကျွန်းပင် အ.ထ.က (ခွဲ) ကျောင်းတို့တွင် နံနက် ၇ နာရီခန့်က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ ထိခိုက်မှု မရှိသော်လည်း ပေါက်ကွဲရာနေရာများသို့ စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ လုံခြုံရေး တင်းကြပ်ထားသည်။

• ပြည်ကြီးတံခွန်မြို့နယ်တွင် ဇွန်လ ၁၄ ရက်ညပိုင်း ၁၁ နာရီခန့်က မောင်ဆုပိုင်ထွေး (ခ) ပိုင်ပိုင်မှာ ဆိုင်ကယ်စီးနင်းလာစဉ် စစ်အုပ်စုဘက်က ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကျည်ထိမှန်ခဲ့သော်လည်း ဆေးကုသမှုရရန် ကြိုးပမ်းနေသည့်ကြားကပင် သွေးထွက်လွန်သေဆုံးခဲ့၍ ယနေ့တွင် သင်္ဂြိုဟ်လိုက်ပြီ ဖြစ်သည်။

• အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေးကျောင်းပေါင်းစုံ၊ အ.ထ.က (၂၄) ကျောင်းသားဟောင်းနှင့် သမဝါယမတက္ကသိုလ်ကျောင်းသားများ သပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန်း မဟာအောင်မြေလူထု သပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြား ကပင် မြို့ပေါ်လမ်းမကြီးများပေါ်တက်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• မန်း ကျောက်မျက်ကုန်သည်ပွဲစားနှင့် စိန်ပန်းသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန်းလေးပြင်ရပ် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလို မရှိကြောင်း ဆန္ဒပြခဲ့သည်။

• မန္တလေးမြို့ပေါ်ရှိ စစ်အုပ်စုလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးရုံးများတွင် လုံခြုံရေးတိုးမြှင့်ထားမှုများရှိကာ အချို့မြို့နယ် ရုံးများတွင် ရုံးရှေ့လမ်းများအား သွားလာခွင့်ပိတ်ထားကာ အခြားလမ်းများမှ သွားကြရန် ညွှန်ကြားထားကြောင်း မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီး

• ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ပြည်ရတနာလမ်းရှိ ခြံဝန်းတစ်ခုတွင် စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ နေ့လယ်ပိုင်းက ပုဒ်မ ၅၀၅ (က) ထုတ်ထားသူ လူငယ်တစ်ဦးအား သေနတ်ပစ်ဖောက် ဝင်ရောက်ဖမ်းဆီးရာ အဆိုပါလူငယ်လွတ်မြောက်သွားသော်လည်း အသက် ၃၅ နှစ်အရွယ် ကိုအောင်ချစ် ဆိုသူ ကျည်ထိမှန်ခဲ့ကာ အသက် ၅၈ နှစ်အရွယ် အိမ်ရှင်အမျိုးသမီး ဒေါ်ရွှေစင်ဦးကို ဖမ်းဆီးသွားသည်။

ဧရာဝတီတိုင်းဒေသကြီး

• ပုသိမ်မြို့ ဝန်ကြီးများအိမ်ရာဝင်းအတွင်း တပ်စွဲထားသည့် လက်နက်ကိုင်စစ်အုပ်စုများအကြား အချင်းချင်း စကားများပစ်ခတ်မှုကြောင့် တပ်သားတစ်ဦး သေဆုံးမှု ဇွန်လ ၁၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။

• ကန်ကြီးထောင့်မြို့ရှိ စစ်အုပ်စုခန့် စည်ပင်ဥက္ကဋ္ဌနှင့် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးလှမြင့် နေအိမ်အနီးတွင် ယမန်နေ့ည ၆ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

• ဖျာပုံမြို့၊ အမှတ် (၁၁) ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် ယမန်နေ့ည ၇ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ ရုံးစောင့်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

• ငပုတောမြို့နယ် ရဲစခန်းရှိ အချုပ်စခန်းတွင် ယမန်နေ့က ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရာ ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အချုပ်သားတစ်ဦးတို့တွင် ကိုဗစ် ၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

• ဧရာဝတီတိုင်းတွင်း မြို့နယ်အားလုံးတွင် ညမထွက်ရအမိန့်အား ည ၈ နာရီမှ နံနက် ၄ နာရီအစား ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ လျှော့ချသတ်မှတ်လိုက်ပြီ ဖြစ်သည်။

• မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်းရှိ ကျေးရွာများတွင် စစ်အုပ်စုက ၎င်းတို့ခန့်ထားသည့် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တစ်ရွာလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ်ကြား လူလေးယောက်နှုန်း၊ လူဦးရေနည်းသည့် ရွာများတွင် နှစ်ဦးနှုန်းဖြင့် ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် စုဆောင်းပေးရန် ဖိအားပေးခိုင်းစေနေကာ မလိုက်ပါလိုသည့်ရွာများအနေဖြင့် ငွေကျပ် ၅၀၀၀ မှ ၁၀၀၀၀ ပေးရမည်ဟု တောင်းယူလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး

• မင်းကင်းနှင့် ကနီမြို့နယ်ကြားတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF နှင့် စစ်အုပ်စုလက်နက်ကိုင်များအကြားာ ယမန်နေ့က ဖြစ်ပွားခဲ့သည့် အပြန်အလှန်ပစ်ခတ်မှုတွင် စစ်အုပ်စုဘက်က တစ်ဦးသေဆုံးကာ အမြောက်အမြား ဒဏ်ရာရရှိခဲ့ပြီး စစ်ဆင်ရေးအသာရခဲ့သော်လည်း နယ်မြေတည်နေရာနှင့် တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုပုံများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ကာ လုံခြုံရေးစည်းပေါက်ခဲ့သည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု မင်းကင်း PDF က ထုတ်ပြန်ထားသည်။ စစ် အုပ်စုက ၎င်းတို့တပ်စွဲထားသည့် ပင်တင်းရွာမှ နေအိမ်များ ဖျက်ဆီးခြင်း၊ ပစ္စည်းများ ယူဆောင်ခြင်းနှင့် ဒေသခံ ငါးဦးအား ရိုက်နှက်နှိပ်စက်ခြင်းများ ကျူးလွန်ခဲ့ကာ ရွာနေပြည်သူများအား အပြည့်အဝ မကာကွယ်နိုင်သည့်အတွက် တောင်းပန်အပ် ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

• ကလေးမြို့ခံ ပြည်သူများကလည်း မြို့တွင်း၌ ဆိုင်ကယ်ဖြင့် လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည့်အပြင် ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီ စုဝေး၍ ယနေ့ ညနေပိုင်းတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။

• မုံရွာ အမြင့်လမ်းဘေးရှိ ကျေးရွာလူထုကလည်း အာရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• တမူးမြို့တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်ရန်နှင့် စစ်အုပ်စုအား ဆန့်ကျင်နှိမ်နင်းရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား တိုင်းရင်းသားအင်အားစုများဖြင့် တည်ထောင်လိုက်ပြီ ဖြစ်သည်။

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာများစုပေါင်းသပိတ်စစ်ကြောင်းလည်း လူအင်အားရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ဆားလင်းကြီးမြို့နယ်တွင် နံနက် ၈ နာရီခွဲခန့်က စစ်အုပ်စု ရဟတ်ယာဉ်တစ်စီးမှာ မြို့ပေါ်တွင် လုံခြုံရေးစစ်ဆေးသည့်အ နေအထားဖြင့် လှည့်ပတ်ပျံဝဲမှုများ ပြုလုပ်ခဲ့သည်။

• မုံရွာမြို့နေ ပြည်သူများကလည်း "PDF နဘယံ"၊ "NUG ဘေးမရှိစေရ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။

• တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာတွင် ဒေသခံများက စစ်အုပ်စုသတင်းပေးဟု သတ်မှတ်ခံထားရသူ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဝင်းမှာ နံနက် ၁၀ နာရီ ၅၀ ခန့်က လူသုံးဦးက ဓားဖြင့် ခုတ်၍ တိုက်ခိုက်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြေင်း သိရသည်။

• တန့်ဆည်မြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
• စစ်ကိုင်းမြို့၊ လယ်ကြီးရွာနေ ကျောင်းဆရာမ ဒေါ်ဆူဇီနှင့် ဘိသိတ်ဆရာ ဦးမြတ်သူတို့အား ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ရာ ရွာခံများနှင့် ကျောင်းသားများက ဆရာမအား ပြန်လွှတ်ပေးရန် တောင်းခံခဲ့ရာ ပြန်လွှတ်ပေးခဲ့သော်လည်း ဘိသိတ်ဆရာအား ဖမ်းဆီးသွားခဲ့ကာ ဆိုင်ကယ်သုံးစီးကိုလည်း သိမ်းယူသွားသည်။

မကွေးတိုင်းဒေသကြီး

• မြိုင်တောင်ပိုင်းဇုန် ကုန်းကျေးရွာတွင် လေသေနတ်လုပ်သည်ဟု ဆိုကာ ဒလန်များက သတင်းပေးသည့်အတွက် ယမန်နေ့ ညနေပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက စစ်ကားနှစ်စီး၊ ရဲကားတစ်စီး၊ အင်အား ၄၀ ခန့်ဖြင့် ရွာအတွင်း ဝင်ရောက်ကာ ဒေသခံငါးဦးအား ဖမ်းဆီးသွားသည်။ ဖမ်းဆီးခံရသူများမှာ ဦးသိန်းထိုက်၊ ဦးဆန်းဝင်း၊ ကိုဟိန်းဇော်၊ ကိုမင်းသူဟိန်းနှင့် မောင်သီဟစိုးတို့ဖြစ်သည်။

• ပေါက်မြို့နယ်၊ ကင်းမရွာအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ ညနေပိုင်းက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ရာ အသက် ၇၀ ကျော်အရွယ်များဖြစ်သည့် ဦးမြအောင်၊ ဒေါ်ကြီးမိန်၊ ဒေါ်စိန်ကြည် အပါအဝင် အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကာ ၎င်းတို့မှာ ကျန်းမာရေးမကောင်း၍ အိမ်ရာထဲ လဲနေသူများဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် မီးလောင်ထားသည့် ကျေးရွာ အတွင်းသို့ စစ်အုပ်စုလက်နက်ကိုင်များက ကားသုံးစီးဖြင့် ရောက်ရှိနေကာ ဒေသခံအချို့ကိုလည်း ဖမ်းဆီးထားလျက်ရှိသည်။ မီးလောင်မှုမှာ ရွာရှိ ကြံ့ခိုင်ရေးပါတီဝင်အိမ်အား မီးရှို့ရာမှ ရွာလုံးကျွတ် လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း စစ်အုပ်စုဘက်က ဝါဒဖြန့်ကြေညာထားသည်။

• မကွေးတိုင်း၊ မိကျောင်းရဲမြို့တွင် ယမန်နေ့ နေ့လယ်ပိုင်းက CDM ပြုလုပ်နေသည့် မိကျောင်းရဲ အ.ထ.က ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ယမင်းထိုက်အား သူမ၏ အဒေါ်နေအိမ်တွင် နေထိုင်နေစဉ် သတင်းပေးများ လက်ချက်ဖြင့် လက်ရောက်ဖမ်းဆီးခြင်း ခံခဲ့ရသည်။

• မြိုင်မြို့နယ် အခြေခံပညာအထွေထွေ သပိတ်ကော်မတီနှင့် မြိုင်အနောက်ပိုင်းဇုန် ပြည်သူများ စုပေါင်းကာ စစ်အာဏာရှင် စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ဂန့်ဂေါမြို့နယ်၊ သာလင်းရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ်၊ ညင်းမော်ရွာနေ ပြည်သူများကလည်း နေ့စဉ်မပျက် သပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ လောင်းလုံမြို့နယ်နေ ပြည်သူများကလည်း "ငါတို့ လောင်းလုံ ငြိမ်သက်သွားမှာ မဟုတ်ဘူး" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအ တွက် ဆန္ဒပြခဲ့ကြသည်။

• ထားဝယ်မြို့ တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း "ငါတို့ ငြိမ်သက်သွားမှာ မဟုတ်" ဟု ရေးသားထားသည့် ဆိုင်းဘုတ် ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ရေဖြူမြို့နေ လူငယ်များကလည်း "သပိတ်စုံ သူပုန်ထ" ဟု ကြွေးကြော်ကာ ပြောက်ကျားသပိတ်ပြုလုပ်၍ စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ရေဖြူ၊ ကံပေါက်ဒေသခံများကလည်း "စစ်အာဏာ ရှင်စနစ် မုချကျဆုံးရမည်"၊ "စစ်ကျွန်ပညာရေးအလိုမရှိ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

ကချင်ပြည်နယ်

• မိုးကောင်းမြို့၊ ပင်းဘောကျေးရွာ ရသာမွန်စားသောက်ဆိုင်ဖွင့်ထားသူ ဦးမြင့်ဝင်းနှင့် သားဖြစ်သူ ကိုကျော်စောဦးတို့အား ယမန်နေ့ ညနေပိုင်းက လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိအဖွဲ့တစ်ခုက ကားသုံးစီးဖြင့် ဖမ်းဆီးသွားကာ မည်သည့်အတွက် ဖမ်းဆီးကြောင်းနှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးပေ။

• မိုးကောင်းမြို့နေ ပြည်သူများကလည်း စစ်အုပ်စုက ပုဒ်မ ၁၄၄ ထုတ်ထားသည့်ကြားကပင် ဆိုင်ကယ်သပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။

• မိုးညှင်းမြို့ အခြေခံပညာကျောင်းသားသမဂ္ဂနှင့် ပြည်သူများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက အာရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ဖားကန့်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း နေ့စဉ်မပျက် လမ်းပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ နေ့လယ် ၂ နာရီခွဲခန့်တွင် အိမ်စီးကားသုံးစီးဖြင့် ရဲနှင့် စစ်သား အင်အား ၃၀ ခန့် ရောက်ရှိ လာကာ သေနတ်များပစ်ဖောက်၍ ဒေသခံအိမ်များအား စီးနင်းရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

• ဖားကန့်၊ ဟောင်ပါးကျေးရွာတွင် Non CDM ပညာရေးဝန်ထမ်းများဖြင့် ကျောင်းဖွင့်နေမှုအား ကန့်ကွက်သည့်အနေဖြင့် တာမခန်မြို့သစ်၊ ဟွေ့ဆိုင်းကျေးရွာနှင့် နမ့်ပါဟုတ်ကျေးရွာနေ ပြည်သူအင်အား ၁၀၀၀ ခန့်ဖြင့် ကျောင်းရှေ့အထိ ချီတက်၍ ဆန္ဒပြခဲ့ကြသည်။

• ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ CDM ပြုလုပ်သူ တောအုပ် ၇ ဦး၊ ဦးစီးအရာရှိ ၂ ဦးနှင့် မြို့နယ်ဦးစီး ၁ ဦးတို့အား ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်သည်။

ကယားပြည်နယ်

• စစ်ရှောင်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ သွားရောက်သယ်ဆောင်ပေးသည့် ကိုသက်မှူးအောင်နှင့် ကိုမင်းမင်းဦးတို့ နှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက သိန်းသန်းကုဋေကားဂိတ်တွင် ဖမ်းဆီးပြီးနောက် ၎င်းတို့အား အကြမ်းဖက်သ မားများအား ထောက်ပံ့မည့် အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ဟုဆိုကာ စစ်အုပ်စုက လိမ်လည်ထုတ် ပြန်ထားသည်။

ကရင်ပြည်နယ်

• ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ လက်ဖက်ရည်ဆိုင်တစ်ခုတွင် လက်လုပ်မိုင်းဟု ယူဆရသည့် အရာဝတ္ထု တွေ့ရှိခဲ့သဖြင့် စစ်အုပ်စုလက်နက်ကိုင်များက လာရောက်သိမ်းဆည်းသွားသည်။

• ဘုရားသုံးဆူမြို့တွင် ယနေ့မွန်းလွဲပို်ငးက စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ဦးမောင်ကျော်ဆိုသူအား မြို့ပေါ်လောင်းကစားဝိုင်းတစ်ခုတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ၎င်းမှာ စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ် - BGF နှင့် နီးစပ်သူဖြစ်ကာ ပြည်သူများဆိုင်ကယ်သပိတ်ပြုလုပ်စဉ်က စစ်အုပ်စုလက်နက်ကိုင်များနှင့်အတူ နောက်မှလိုက်၍ ကား ဖြင့်တိုက် ဖြိုခွဲမှုတွင်လည်း ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

ချင်းပြည်နယ်

• ချင်းပြည်နယ်တွင်း စစ်အုပ်စုက အရပ်သားများကိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်သို့ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များနှင့်ပတ်သက်၍ မီဇိုးလူငယ်အဖွဲ့ - Young Mizo Association နှင့် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်တို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကာ အိန္ဒိယဗဟိုအစိုးရထံမှ နေရာနှင့် စားနပ်ရိက္ခာများ အကူအညီတောင်းခံ ထားသည်။ မီဇိုရမ်တွင် ချင်းဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်အပါအဝင် NLD လွှတ်တော်အမတ် ၂၀ ကျော်နှင့် ချင်းဒေသခံပြည်သူ ၉၀၀၀ ကျော် စစ်ဘေးရှောင်လျက်ရှိသည်။

• ကန်ပက်လက်မြို့ရှိ ကက်သလစ်ဘုရားကျောင်းဝင်းအတွင်းတွင် ယနေ့နံနက် ၈ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ စစ်အုပ်စုအား ဆန့်ကျင်နေသည့် လူငယ်များအား ထောက်ပံ့နေသည်ဟု စွပ်စွဲကာ ကျေင်းထိုင်တစ်ဦးဖြစ်သူ Fr. မိုက်ကယ်အောင်လိန်းအား ဖမ်းဆီးသွားသည်။

မွန်ပြည်နယ်

• ပေါင်မြို့ခံ လူငယ်များကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်၍ ဆန့်ကျင်တော်လှန်ခဲ့သည်။

ရှမ်းပြည်နယ်

• ရှမ်းမြောက်၊ မန်တုံမြို့တွင် တောတွင်းမှိုသွားရှာသည့် လီဆူးတိုင်းရင်းသူ အသက် ၂၆ နှစ်အရွယ် ကလေးမိခင်နှင့် အသက် ၂၀ အရွယ် အမျိုးသမီးတို့အား စစ်အုပ်စုလက်နက်ကိုင်များက အဓမ္မပြုကျင့်မှုတစ်ရပ် ဇွန်လ ၁၄ ရက် ဖြစ်ပွားခဲ့သည်။

• ရှမ်းမြောက်ပိုင်း သိန္နီမြို့တွင် ယနေ့နံနက် ၈ နာရီခွဲခန့်က ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ကာ အသေးစိတ်အချက်အလက် များကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

• နမ့်ဆန်မြို့နေ အမျိုးသမီးတစ်ဦးကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ထုတ်ခဲ့သည်။

• ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာအုပ်စု၊ လွယ်ကန်ရွာအနီးတွင် ယမန်နေ့ နေ့လယ်ပိုင်းကစ၍ တအာင်း TNLA နှင့် ကိုးကန့် MNDAA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်အုပ်စုအကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လွယ်ကန်ရွာတစ်ရွာလုံးနီးပါး ထွက်ပြေးနေရာ အနီးရှိ ပန်ကူကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသူ ၁၂၀ ဦးကျော်ရှိနေကာ နောက်ထပ်လည်း ထပ်တိုးလာဖွယ် ရှိသည်။

• ကွတ်ခိုင်မြို့နယ် ကုန်းဆာကျေးရွာအနီးတွင် နံနက် ၈ နာရီဝန်းကျင်ခန့်က ကချင်လွတ်မြောက်ရေးတပ်မတော် - KIA နှင့် စစ်အုပ်စုတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

• တောင်ကြီးမြို့ အမှတ် (၁) နှင့် (၃) အ.ထ.က ကျောင်းများရှေ့တွင် စစ်အုပ်စုဘက်က လုံခြုံရေးအတွက်ဟုဆိုကာ လမ်းတစ်ဖက်ပိတ်၍ သံဆူးကြိုးအကာအရံများ ချထားခဲ့သည်။

• တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် - PNO ဌာနချုပ်တွင် ယနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်စဉ်အသေးစိတ်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။

• သီပေါမြို့နေ ပြည်သူများကလည်း "ပစ်မိန့်ကို မကြောက်လို့ စစ်မိန့်ကို တော်လှန်နေတာ" အပါအဝင် တော်လှန်သော စာများ ရေးသားထားသည့် စာရွက်များ ကြဲဖြန့်ကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်

• ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးမှုဖြစ်ကာ သံတွဲ အ.ထ.က အပါအဝင် ကျောင်းအချို့အား ပိတ်ကာ ကျောင်းသားများအား ပြန်လွှတ်ပေးခဲ့ရသည့်အပြင် သံတွဲလေဆိပ်တွင်လည်း ရေလွှမ်းနေသည့် လေယာဉ်ဆင်း သက်မှုများ ပယ်ဖျက်ထားရသည်။

နေပြည်တော်

• စစ်အုပ်စုက တပ်ဆေး၊ တပ်အင်ဂျင်နီယာနှင့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းသုံးခုအား ဆက်တိုက်ခေါ်ယူလျက်ရှိသည်။

• နေပြည်တော် လယ်ဝေး၊ ပျဉ်းမနားနှင့် ဥတ္တရသီရိမြို့နယ်နေ ပြည်သူများက ကရင်အမျိုးသားအစည်းအရုံး - KNU အနေဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများအား ဆက်လက်ထောက်ခံပေးရန် တိုက်တွန်းကြောင်းစာများ ရေးသား ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မြန်မာနိုင်ငံတွင် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ပိုး သုံးမျိုး တွေ့ရှိထားကြောင်း စစ်အုပ်စုလက်အောက်ခံ ကျန်းမာရေးဌာနက ကြေညာထားသည်။

ဇွန် ၁၆ သုံးသပ်ချက်

• ရန်ကုန်တွင် ပြောက်ကျားသပိတ် မရှိသော်လည်း ဒလန်ရှင်းလင်းရေး လှုပ်ရှားမှုများ ခပ်စိတ်စိတ် ဖြစ်ပေါ်ခဲ့ကာ စစ်အုပ်စု ဘက်ကလည်း လုံခြုံရေးအထူးတင်းကြပ်လျက်ရှိသည်။ အထူးသဖြင့် စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည့် လှိုင်သာယာတွင် မြို့အဝင် တံတားနှင့် နေရာတိုင်းတွင် လုံခြုံရေးအထူးတင်းကြပ်ခဲ့သည်။

• မန္တလေးတွင် လူထုသပိတ်များ အားကောင်းကောင်းဖြင့် ဆက်ရှိနေဆဲဖြစ်ကာ စစ်အုပ်စုဘက်ကလည်း အင်အားနည်းနေ သည့်အတွက် လှည့်ကင်းစနစ်ဖြင့်သာ လုံခြုံရေးယူထားလျက်ရှိသည်။ သို့သော် မြို့ပေါ် စစ်အုပ်စုဒေါက်တိုင် မြို့နယ်အုပ်ချုပ် ရေးရုံးများတွင်မူ လုံခြုံရေးအစီအမံများ တိုးမြှင့်ထားသည့်အပြင် လုံခြုံရေးကိုလည်း အထူးတင်းကြပ်ထားသည်။

• စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်နှင့် ကယားပြည်နယ်အတွင်းတွင် ပစ်ခတ်မှုများ မရှိတော့သော်လည်း နေအိမ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များမှာ ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့နေရသည်။

• အခြား တိုင်းနှင့် ပြည်နယ်များတွင် လူထုသပိတ်များ၊ ပြောက်ကျားသပိတ်များ အားကောင်းနေဆဲ ဖြစ်ကာ ဒလန်ရှင်းလင်း ရေးကိစ္စများလည်း ပိုမိုများပြားလာလျက်ရှိသည်။ စစ်အုပ်စုဘက်ကလည်း ၎င်းတို့အား ထောက်ခံသူများ လုပ်ကြံခံရသည့် နေရာများတွင် အင်အားသုံး စီးနင်းမှုများ ပြုလုပ်လျက်ရှိကာ ဒေသခံအများအပြား ထိခိုက်နေရသည်။

• စစ်အုပ်စုဘက်တွင် နိုင်ငံတကာ ဖိအားလျော့နည်းနေကာ စီးပွားရေးပိတ်ဆို့ထားမှုကို ရှောင်ရှားနိုင်ရန်အတွက် ၎င်းတို့အား ထောက်ခံသူများနှင့် ပူးပေါင်းကာ တရုတ်၊ ရုရှားနိုင်ငံများနှင့် စီမံကိန်းများ လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်။ ပြည်တွင်း ဒီမိုကရေစီရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ စစ်အုပ်စုဘက်တွင် သပိတ်များ ရှင်းလင်းရေးအပြင် မြို့ပေါ်တိုက်ပွဲများ ဖြစ်နိုင်သည်ဟု ယူဆနေသည့်အတွက် လုံခြုံရေးတင်းကြပ်မှုများအပြင် ပြည်သူ့စစ်ကဲ့သို့သော အဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် ဖိအားပေး လူစုဆောင်းခိုင်းခြင်းများ လုပ်ဆောင်လာလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly