အိန္ဒိယမှာ ကိုဗစ်ကန့်သတ်ချက်တွေ ဖြေလျှော့နေချိန် ကမ္ဘာကျော် တာ့ဂျ်မဟာ ဂူဗိမာန်ကို ပြန်ဖွင့်

အိန္ဒိယမှာ ကိုဗစ်ကန့်သတ်ချက်တွေ ဖြေလျှော့နေချိန် ကမ္ဘာကျော် တာ့ဂျ်မဟာ ဂူဗိမာန်ကို ပြန်ဖွင့်
Photo - AFP

ဇွန် ၁၆

အိန္ဒိယနိုင်ငံမှာ ခရီးသွားတွေကို အထူးဆွဲဆောင်ရာ နေရာတစ်ခုဖြစ်တဲ့ တာ့ဂျ်မဟာ ဂူဗိမာန်ကို ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုတွေကြောင့် နှစ်လကြာ ပိတ်ထားခဲ့ပြီးနောက် ယခုအခါ ဇွန်လ ၁၆ ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။

ယင်းမတိုင်မီက နိုင်ငံတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်ထားခဲ့တာကြောင့် တာ့ဂျ်မဟာ ဂူဗိမာန်ကို ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ခန့်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်းမှာ စံချိန်တင်လယ်ဗယ်တွေအထိ မြင့်တက်ခဲ့ရာမှာ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေနဲ့ အာဏာပိုင်တွေဟာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တားဆီးဖို့ လော့ခ်ဒေါင်းတွေနဲ့ အခြား ပိတ်ပင်ကန့်သတ်ချက်တွေကို ချမှတ်ခဲ့ရပါတယ်။

ဒါပေမယ့် မကြာသေးခင် သီတင်းပတ်တွေမှာတော့ ဗိုင်းရပ်စ် ကူးစက်မှုတွေဟာ ပြန်လည်ကျဆင်းထားခဲ့ပြီး ယင်းအတွက်ကြောင့် မြို့တော် နယူးဒေလီနဲ့ ဘဏ္ဍာရေးအချက်အချာမြို့ မွမ်ဘိုင်း အပါအ၀င် အဓိက မြို့ကြီးတွေမှာ သွားလာမှုနဲ့ လှုပ်ရှားလည်ပတ်မှုတွေအပေါ် ချမှတ်ထားတဲ့ ပိတ်ပင်ကန့်သတ်ချက်တစ်ချို့ကို ဖြေလျှော့ပေးလာခဲ့ကြပါတယ်။

ယမန်နှစ် မတ်လက ယင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားမှုနဲ့အတူ အိန္ဒိယဗဟိုအစိုးရက ကမ္ဘာ့အတင်းကျပ်ဆုံး လော့ခ်ဒေါင်းတစ်ရပ်ကို ချမှတ်ခဲ့စဥ် ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးထဲက တစ်ပါးဖြစ်တဲ့ တာ့ဂျ်မဟာကိုလည်း ပိတ်ထားခဲ့ရပါတယ်။

အဆိုပါ ကမ္ဘာကျော် ဂူဗိမာန်ကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက ပြန်ဖွင့်ပေးခဲ့ပြီး ဧည့်သည်ဦးရေ အကန့်အသတ်နဲ့ ခွင့်ပြုပေးခဲ့ပြီး ယင်းနောက် ပြီးခဲ့တဲ့ ဧပြီလလယ်မှာ တစ်ဖန် ပြန်ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

တာ့ဂျ်မဟာ ဂူဗိမာန်ကတော့ ဥတာပရာဒက်ရှ် ပြည်နယ်မှာ ရှိပြီး အဆိုပါ ပြည်နယ်ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း များပြားခဲ့တဲ့ ကြီးမားလှတဲ့ လှိုင်းအတွင်း ဆိုးဆိုး၀ါး၀ါး ထိခိုက်ခံစားခဲ့ရတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly