အိန္ဒိယနိုင်ငံထဲ ရောက်ရှိခိုလှုံနေသည့် မြန်မာနိုင်ငံသားများကို ကူညီရန် မီဇိုရမ်ပြည်နယ်အစိုးရက ဘဏ္ဍာငွေ ခွဲဝေသတ်မှတ်

အိန္ဒိယနိုင်ငံထဲ ရောက်ရှိခိုလှုံနေသည့် မြန်မာနိုင်ငံသားများကို ကူညီရန် မီဇိုရမ်ပြည်နယ်အစိုးရက ဘဏ္ဍာငွေ ခွဲဝေသတ်မှတ်

 

ဇွန် ၁၆

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရသည် ၎င်းတို့ပြည်နယ်ထဲ ၀င်ရောက်ခိုလှုံနေသည့် မြန်မာနိုင်ငံသားများကို ကူညီထောက်ပံ့ရန်အတွက် ဘဏ္ဍာငွေ ခွဲဝေသတ်မှတ်ထားကြောင်း အဆိုပါ ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါက ဇွန်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

မီဇိုရမ် ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါသည် မြန်မာနိုင်ငံသားများအတွက် ကူညီထောက်ပံ့မှုများ လုပ်ဆောင်ရေးနှင့်ပတ်သက်ပြီး မီဇို လူငယ်ဗဟိုအဖွဲ့အစည်း (CYMA) ၏ ခေါင်း‌ဆောင်များနှင့် တွေ့ဆုံစဥ် ၎င်းတို့ပြည်နယ်အစိုးရအနေဖြင့် အထက်ပါ ရည်ရွယ်ချက်အတွက် ဘဏ္ဍာငွေကြေးများ လျာထားသတ်မှတ်ထားပြီးဖြစ်ကြောင်း ပြောဆိုသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ငွေကြေးများကို များမကြာမီအတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ထို့ပြင် လူသားချင်းစာနာမှု အခြေခံအကြောင်းတရားများအရ ပြည်နယ်ထဲ ၀င်ရောက်ခိုလှုံနေကြသည့် မြန်မာနိုင်ငံမှ ပြည်သူများကို ကူညီကယ်ဆယ်မှုများ ထောက်ပံ့ရေး အားထုတ်မှုများကို ၎င်းတို့အစိုးရအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဇိုရမ်သန်ဂါက CYMA ခေါင်းဆောင်များကို ပြောသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ချင်းပြည်နယ်၀န်ကြီးချုပ် ဆလိုင်းလျန်လွယ် အပါအ၀င် မြန်မာနိုင်ငံမှ လူပေါင်း ၉,၂၄၇ ဦးခန့်သည် မီဇိုရမ်ပြည်နယ်ထဲ ၀င်ရောက်ခိုလှုံထားခဲ့ကြကြောင်း အကြီးတန်းရဲအရာရှိကြီးတစ်ဦးက PTI ကို ပြောသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးသည်လည်း အဆိုပါ ပြည်နယ်တွင် ၀င်ရောက်ခိုလှုံလျက် ရှိကြောင်း ၎င်းက ပြောသွားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားများကို အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောင်းသားအဖွဲ့များက နေစရာနှင့် အစားအသောက်များ ထောက်ပံ့ပေးလျက် ရှိသလို အများအပြားကို ဒေသခံများက နေရာထိုင်ခင်းများ စီစဥ်ပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly