ဂျီ-၇ အစည်းအဝေးမှာ တရုတ်နဲ့ ရုရှအရေး ဂျိုးဘိုင်ဒင် အလေးထား ပြော 

ဂျီ-၇ အစည်းအဝေးမှာ တရုတ်နဲ့ ရုရှအရေး ဂျိုးဘိုင်ဒင် အလေးထား ပြော 
Photo - AFP

ဇွန် ၁၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူနဲ့ ရုရှသမ္မတ ဗလာဒီမာပူတင် တွေ့ဆုံမယ့် အစည်းအဝေးမှာ ရုရှရဲ့ အပြုအမူတွေအတွက် အမေရိကန်က စိုးရိမ်ပူပန်ရတာကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုသွားမယ့်လို့ ဂျီ-၇ ထိပ်သီးအစည်းအဝေးမှာ ပြောခဲ့ပါတယ်။ 

ဒါအပြင် ဂျီ-၇ ခေါင်းဆောင်တွေ သဘောတူကြေညာတဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ရန်ပုံငွေ ထောက်ပံ့မှုဟာ တရုတ်ရဲ့ ခါးပတ်နဲ့ ရပ်ဝန်းစီမံကိန်းထက် ပိုပြီး တရားမျှတမှု ရှိလိမ့်မယ်လို့လည်း အင်္ဂလန်မှာ ကျင်းပတဲ့ အဲဒီ အစည်းအဝေးမှာ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ 

ဗုဒ္ဓဟူးနေ့မှာ ရုရှခေါင်းဆောင် ပူတင်နဲ့ ဂျီနီဗာမှာ တွေ့ဆုံပြီးမှ ဆုံးဖြတ်ချက် ချမှာမျိုး မဟုတ်ဘူးလို့ ဂျိုးဘိုင်ဒင်က ပြောပြီး “သတင်းစာရှင်းလင်းပွဲကနေ ဘယ်သူက ပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတာနဲ့ အခြားတစ်ယောက်ကို အခက်တွေ့အောင် လုပ်ဖို့ ကြိုးစားတာမျိုးလုပ်ပြီး ရုရှကြောင့် အမေရိကန် စိုးရိမ်မကင်း ဖြစ်ရတယ်ဆိုပြီး ခုလို ပြောတာ မဟုတ်ဘူး”လို့ ဆိုပါတယ်။ 

“ရုရှနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေး ရရှိဖို့နဲ့ ကျွန်တော်တို့က ပဋိပက္ခဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးဆိုတာ ကျွန်တော့်ဖက်ကတော့ ရှင်းရှင်းလင်းလင်း ရှိနေလို့ပါပဲ”လို့ သူက ဆိုပါတယ်။ 

တရုတ်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာစံနှုန်းတွေကို တရုတ်က လေးစားလိုက်နာဖို့ ဂျိုးဘိုင်ဒင်က ဖိအားပေး ပြောဆိုရင်း အခု ဂျီ-၇ နိုင်ငံတွေ ကြေညာခဲ့ပြီဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ရန်ပုံငွေဟာ တရုတ်ရဲ့ ခါးပတ်နဲ့ လမ်းပိုင်းစီမံကိန်းထက် ပိုပြီး မျှတမှု ရှိမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ 

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျီ-၇ ရဲ့ Build Back Better World (B3W) စီမံကိန်းဟာ ‘အလွန်အရေးပါတဲ့ ကတိကဝတ်ပြုမှု’ ပဲဖြစ်တယ်လို့ ထိပ်သီးအစည်းအဝေးတစ်ရပ်အပြီးမှာ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ “တရုတ်အနေနဲ့ လူ့အခွင့်အရေးနဲ့ ပွင့်လင်းမြင်သာမှု ရှိရေးတွေမှာ နိုင်ငံတကာစံနှုန်းတွေရဲ့ စည်းကမ်းသတ်မှတ်ချက်တွေမှာ ပိုပြီး တာဝန်ယူမှု၊ တာဝန်ခံမှုကို စတင်လုပ်ဆောင်ရလိမ့်မှာ ဖြစ်တယ်”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required