ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထိန်းသိမ်းခံထားရသူများအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဂျီ ၇ ခေါင်းဆောင်များ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထိန်းသိမ်းခံထားရသူများအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဂျီ ၇ ခေါင်းဆောင်များ တောင်းဆို

ဇွန် ၁၄

မြန်မာနိုင်ငံတွင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အာဏာသိမ်းစစ်အုပ်စု၏ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် စက်မှုထိပ်သီး ဂျီ ၇ အုပ်စု ခေါင်းဆောင်များက ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်တောင်းဆိုသွားခဲ့သည်။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီနှင့် ဂျပန် တို့ ပါ၀င်သော ဂျီ ၇ အုပ်စု‌ ခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုနှင့် ယင်းနောက်ပိုင်း အရပ်သားများကို စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့၀င်များဘက်မှ အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုတို့အပေါ်တွင်လည်း အပြင်းအထန် ပြစ်တင်ရှုတ်ချသွားခဲ့သည်။

“မြန်မာ စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းမှုတွေအပေါ် မိမိတို့ အပြင်းအထန် ပြစ်တင်ရှုတ်ချသည်၊ တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုသည်၊ တည်ငြိမ်မှုရှိပြီး အားလုံးပါ၀င်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ဖို့ ငြိမ်းချမ်းစွာ ထောက်ခံလုပ်ဆောင်နေသူအားလုံးကို မိမိတို့ ထောက်ခံအားပေးကြောင်း ကတိပြုသည်” ဟု ဂျီ ၇ ခေါင်းဆောင်များ၏ Carbis Bay ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

“အာဆီယံ၏ အခန်းကဏ္ဍနဲ့ပတ်သက်လို့ မိမိတို့အနေဖြင့် ဘုံသဘောတူညီချက် ငါးချက်ကို ကြိုဆိုသည်၊ ယင်းကို အမြန်ဆုံး ‌ဖော်ဆောင်ရန်ကိုလည်း တိုက်တွန်းသည်၊ ဖွံ့ဖြိုးရေး အကူအညီ သို့မဟုတ် စစ်လက်နက် ရောင်းချမှုတို့ဖြင့် စစ်တပ်ကို အကျိုးဖြစ်ထွန်းစေခြင်း မရှိစေရေး အသေအချာ လုပ်ဆောင်သွားမည် ဆိုသည့် မိမိတို့ ကတိကို ထပ်လောင်း ပြောလိုသည်၊ စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း အလားတူအတိုင်းပင် ယင်းတို့၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် စစ်အုပ်စုအတွက် အကျိုးဖြစ်ထွန်းစေခြင်း မရှိစေရေး စစ်ဆေးကြည့်ရှုဆောင်ရွက်ရန် မိမိတို့ တိုက်တွန်းသည်” ဟုလည်း ယင်းတွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ အခြေအနေအပေါ် မူတည်ပြီး လိုအပ်ပါက နောက်ထပ် အရေးယူဆောင်ရွက်မှုများကို စည်းလုံးညီညွတ်စွာ လုပ်ဆောင်မည်ဟုလည်း ဂျီ ၇ နိုင်ငံများက ထပ်လောင်းအတည်ပြုသလို လူသားချင်းစာနာမှု အခြေအနေနှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့သည်။

ထို့ပြင် ခုခံနိုင်စွမ်း အားနည်းပြီး နေရပ်စွန့်ခွာထားကြရသူများအတွက် လူသားချင်းစာနာမှု အကူအညီများ လွတ်လပ်စွာ ရောက်ရှိစေရေး ၎င်းတို့က တောင်းဆိုခဲ့သလို အခြားနိုင်ငံများလည်း ပါ၀င်ထည့်၀င်ကူညီကြရေး တိုက်တွန်းခဲ့သည်။

ယင်းမတိုင်မီ အစောပိုင်းက ဗြိတိန်တွင် နေထိုင်သော ရာနှင့်ချီသည့် မြန်မာများသည် Cornwall ကောင်တီရှိ ဂျီ ၇ ထိပ်သီးအစည်းအဝေး ပြုလုပ်ရာနေရာတွင် စုဝေးခဲ့ကြပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီကို ကယ်တင်နိုင်ရေး အရေးယူလုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required