နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၃ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၃ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၁၃ ရက် ၊ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• ရန်ကုန်မြို့နယ်စုံလူငယ်များက နံနက် ၉ နာရီခန့်က ဗိုလ်တထောင်မြို့နယ်၊ (၅၆) လမ်းတွင် စုပေါင်းပြောက်ကျား သပိတ်ပြုလုပ်ကာ သွေးမအေးရန်၊ အလံနှင့် အသံကြားပါက ပူးပေါင်းပေးကြရန် တိုက်တွန်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ပြောက်ကျားသပိတ်တွင် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်းလူငယ်များ ပါဝင်သည်။ 

• ရွှေပြည်သာမြို့နယ် ဝန်ထမ်းပေါင်းစုံသပိတ်စစ်ကြောင်းတွင် ပါဝင်သူများကလည်း "ငါတို့ ငြိမ်နေလို့ မရဘူးနော်"၊ "ငါတို့နိုင်မှ မိသားစုနဲ့ ပြန်တွေ့ရမယ့်သူတွေ ရှိတယ်" စသည်ဖြင့် နွေဦးတော်လှန်ရေး သွေးမအေးသွားရန် သတိပေးစာများ ရေးသား ထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ရွှေတိဂုံစေတီတော်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ယနေ့ နေ့လယ်ပိုင်းတွင် စေတီတော်အနောက်ဘက်မုခ်ရှိ ဦးဝိစာရလမ်းပေါ် Myanmar Cultural Valley အကျော် ဦးဝိစာရအဝိုင်းအနီးတွင် စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ကာ ဖြတ်သန်းသွားလာသည့် ယာဉ်တိုင်းအား ယာဉ်ပေါ်ပါ လူများပါ အောက်ဆင်းစေကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• တောင်ဥက္ကလာပမြို့နယ်နေ လူငယ်များကလည်း "ဘယ်တော့မှ သွေးမအေးဘူး" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ် လွှင့်ထူကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း (မြောက်) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နေ့လယ် ၂ နာရီဝန်းကျင်ခန့်က စစ်အုပ်ချုပ်ခန့် အုပ်ချုပ်ရေးမှူးရုံး ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူမထိခိုက်သော်လည်း ကားအစိတ်အပိုင်းအချို့ ပျက်စီးခဲ့သည်။ ပေါက်ကွဲမှုအပြီးတွင် စစ်အုပ်စုလက်နက်ကိုင်များအပြင် ကျောပိုးအိတ်အတွင်း သေနတ်များ ထည့်သွင်းယူဆောင် လာသည့် အရပ်ဝတ်လက်နက်ကိုင်များလည်း ရောက်ရှိလာကာ လုံခြုံရေးတင်းကြပ်ထားခဲ့သည်။ 

• အင်းစိန် အ.ထ.က (၂) ကျောင်းသားဟောင်းများကလည်း စစ်အုပ်စုက ဖိနှိပ်ထားသည့် ရိုဟင်ဂျာများနှင့်အတူ ရပ်တည် ကြောင်းရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မြောက်ဒဂုံမြို့နယ်တွင်လည်း လူငယ်များက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနှင့် ရိုဟင်ဂျာများနှင့်အတူ ရပ်တည်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• တောင်ဒဂုံမြို့နယ်နေ လူငယ်များကလည်း လမ်းမများပေါ်တွင် ဆေးအဖြူရောင်များဖြင့် "ငါတို့ သွေးမအေးဘူး" ဟု ရေးသားကာ ရောင်စုံစက္ကူများပေါ်တွင်လည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာများရေး၍ ကြဲဖြန့်ကာ ဆန္ဒထုတ် ဖော်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး

• မြင်းခြံမြို့၊ နယ်ခြားရွာနေ ကိုမင်းစိုးဦးနှင့် ဦးမောင်တင့်ဆိုသူ နေအိမ်အား ယမန်နေ့ညပိုင်း ၈ နာရီခန့်က အင်အား ၄၀ ခန့်ရှိ စစ်အုပ်စုလက်နက်ကိုင်များက ဒလန်သတင်းပေးမှုဖြင့် ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ရာ မတွေ့ရှိခဲ့သဖြင့် ပြန်လည်ထွက်သွား ခဲ့ကြသည်။ 

• မြင်းခြံ၊ နဘူးအိုင်ကျေးရွာတွင် စစ်အုပ်စုလက်နက်ကိုင်များက ဒေသခံအိမ်များအား ဝင်ရောက်စီးနင်းရှာဖွေပြီးနောက် လူငယ်တစ်ဦးအား ဖမ်းဆီးသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။ 

• မန္တလေးမြို့ခံ Gen-Z လူငယ်များကလည်း တံခွန်တိုင်အဝိုင်းတွင် "လုံးဝရင်ကြားမစေ့ဘူး"၊ "ဓားရဲ့တရား ဆိုတာ ဝင့်နေရုံနဲ့ မရ – ရှေ့တိုးခုတ်မှ ရမယ်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ လွှင့်ထူကာ ပြောက်ကျားသ ပိတ်ပြလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်အစောပိုင်းက အာရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ တပ်ပေါင်းစုတွင် ချမ်းမြသာစည်ကျောင်းသားများသမဂ္ဂ၊ မန္တလာတက္ကသိုလ်ကျောင်းသား/သူများ၊ သမဝါယမတက္ကသိုလ်ကျောင်းသား/သူ၊ စက်မှုစုပေါင်း၊ ရေဆင်း၊ စက်မှုလူငယ်နှင့် အောင်စံသပိတ်စစ်ကြောင်းများ ပါဝင်သည်။ 

• မန်းဗကသများအဖွဲ့ချုပ်လူငယ်များ ဦးဆောင်ကာ ဒေသခံများက မန္တလေး စိန်ပန်းရပ်တွင် စစ်အုပ်စုလက်ချက်ဖြင့် ကျဆုံးခဲ့ သည့် ကိုစောပြည့်နိုင် သုံးလပြည့်အောက်မေ့သတိရကြောင်း ၎င်းကျဆုံးခဲ့သည့်နေရာတွင် အလေးပြုအခမ်းအနား ပြုလုပ် ခဲ့သည်။ 

• မန္တလေးမြို့ခံ လူငယ်အချို့ကလည်း မင်္ဂလာမန္တလေးတွင် စစ်အာဏာရှင်စနစ်အား အပြီးတိုင်ပျက်သုန်းရေး တိုက်ခိုက်ရမည် ဖြစ်ကြောင်း အဝတ်ဆိုင်းဘုတ်များ ချိတ်ဆွဲကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• မန်း မြတောင်သပိတ်စစ်ကြောင်းကလည်း မြို့တွင်းလမ်းများပေါ် လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• လေးပြင်ရပ်သံဃာများ ပါဝင်သည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာ ရှင်စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်ပစ်ခံ သေဆုံးပြီးနောက် အဆိုပါမြို့နယ်အတွင်းရှိ ကိုဇေယျာထွန်းနှင့် ကိုကောင်းမြတ်ကျော်တို့ ညီအစ်ကိုနှစ်ဦးအား သံသယရှိသည်ဟု ဆိုကာ ဖမ်းဆီးမည်ဆိုသည့် သတင်းများ ကြောင့် အဆိုပါလူငယ်နှစ်ဦး တိမ်းရှောင်နေရကာ ၎င်းတို့အား မဖမ်းဆီးနိုင်သည့်အတွက် မိခင်ဖြစ်သူ ဒေါ်တင်ရွှေ၊ အမဖြစ် သူ မမေရှင်းသန့်နှင့် အကိုဖြစ်သူ ကိုသန်းထိုက်စိုးတို့အား ဓားစာခံအဖြစ် ဖမ်းဆီးထားသည်။ မိခင်ဖြစ်သူမှာ ခြေထောက် မကောင်းသည့်အပြင် ကျန်းမာရေးချို့တဲ့သူဖြစ်ပြီး အမဖြစ်သူနှင့်အတူ ပုသိမ်ကြီးရဲစခန်းတွင်လည်းကောင်း၊ အကိုဖြစ်သူအား အမှတ် (၁) ရဲစခန်းတွင်လည်းကောင်း ထိန်းသိမ်းထားသည်။ 

• မန်းမြို့ပေါ်ရပ်ကွက်အချို့တွင် ဆိုင်ကယ်စီးလူငယ်အချို့က NUG/CRPH နှင့် ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးမည်ဟူသည် ခြိမ်းခြောက်စာများ လိုက်လံကပ်ခဲ့ကာ အဆိုပါစာတွင် CDM ပြုလုပ်ခြင်း၊ သံဗုံးတီးခြင်း၊ ဆန္ဒပြခြင်းများကို မကန့်ကွက်သော်လည်း ဖောက်ခွဲခြင်းများ၊ ကျောင်းမီးရှို့ခြင်းများအား လက်မခံနိုင်ဟုဆိုကာ ငြိမ်းချမ်းစွာနေထိုင်လိုသောပြည်သူ များဟု ရေးသားထားသည်။ 

• သာစည်မြို့နယ်နေ လူငယ်များကလည်း ရောင်စုံစက္ကူများဖြင့် ငြိမ်းချမ်းရေးကိုယ်စားပြု ငှက်ရုပ်ကလေးများ ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာများရေးကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ညောင်ဦးမြို့ နွေဦးတော်လှန်ရေး ပင်မသပိတ်စစ်ကြောင်းကလည်း မိုးရွာသွန်းနေသည့်ကြားကပင် မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မိုးကုတ်မြို့၊ ဗမွန်ကျေးရွာနေ လူထုသပိတ်ခေါင်းဆာင် ကိုစိုးဋ္ဌေးအား စစ်အုပ်စုဘက်က ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ထားကာ တိမ်းရှောင်နေသည့်အတွက် ယနေ့တွင် ၎င်း၏ အိမ်၌ ဖမ်းဝရမ်းစာရွက် လာရောက်ကပ်သွားခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• တောင်ငူမြို့အထင်ရဖြစ်ကာ စစ်အုပ်စုလက်နက်ကိုင်များ တပ်စွဲထားသည့် အမှတ် (၂၀) ရပ်ကွက်ရှိ ခပေါင်းခန်းမတွင် ယမန်နေ့ ညနေ ၆ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

• ရန်ကုန်-မန္တလေးရထားလမ်း ဖြတ်သန်းရာ ကညွတ်ကွင်းမြို့နယ်၊ ဂုံးတဲရွာအဝင် ဖိုးလောင်းတံတားတွင် ဇွန်လ ၈ ရက်ညပိုင်းက ပေါက်ကွဲမှုအပြီးတွင် ဇွန်လ ၁၁ ရက် ညပိုင်းမှစ၍ ကျေးရွာအတွင်းရှိ အသက် ၂၀ ဝန်းကျင်ခန့် လူငယ် ၁၀ ဦးထက် မနည်းကို စစ်အုပ်စုလက်နက်ကိုင်များက အင်အားသုံး ဖမ်းဆီးထားကာ သေနတ်ပစ်ဖောက်ခြင်းပင် ရှိခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• မင်းကင်းမြို့နယ်တွင် NLD ပါတီဝင်များနှင့် ပြည်သူများအိမ်အား စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်စီးနင်းရာတွင် ကြံ့ခိုင်ရေးပါတီဝင်များက စစ်ဝတ်စုံများဝတ်ဆင်ကာ ပါဝင်လုပ်ကိုင်နေသည့်အတွက် ကြံ့ခိုင်ရေးပါတီဝင်များ ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားသည်။ 

• မုံရွာမြို ပင်မသပိတ်ကော်မတီ ဦးဆောင်ကာ ဒေသခံပြည်သူများက အာရုဏ်ဦးသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ကလေးမြို့တွင် ဒေသခံလူငယ်များ ဦးဆောင်သည့် သပိတ်စစ်ကြောင်းက မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် ဒေသခံလူငယ်အချို့ကလည်း လမ်းလယ်ကျွန်းတစ်လျှောက်ရှိ အလှပန်းအိုးများတွင် ကွန်ဒုံးများ၌ စစ်အုပ်စုခေါင်းဆောင်ဓာတ်ပုံများ ထည့်သွင်းကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ 

• ယင်းမာပင်မြို့နယ်၊ ကျေးစာကျကျေးရွာနေ တောင်သူများကလည်း စိုက်ခင်းများအတွင်း အလုပ်လုပ်ဆောင်နေရင်းကပင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• တမူးမြို့တွင် ယနေ့နံနက်ပိုင်းက ကလေးမြို့မှ ပျံသန်းလာသည့် စစ်ရဟတ်ယာဉ်နှစ်စင်း ဆင်းသက်ခဲ့သည့်အပြင် တမူးမြို့ပေါ် လမ်းတစ်လျှောက်တွင်လည်း လုံခြုံရေးတင်းကြပ်ထားသည်ဟုလည်း သိရသည်။ 

• ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံ စုပေါင်းသပိတ်စစ်ကြောင်းက လည်း ယနေ့နံနက်ပိုင်းက ကျေးရွာများအတွင်း ချီတက်လှည့်လည်ကာ စစ်အာဏရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ခဲ့သည်။ 

• တန့်ဆည်မြို့နယ်နေ ပြည်သူများအားကလည်း အင်အား ရာနှင့်ချီ စုဝေးကာ အနီရောင်နဖူးစည်းများ ဝတ်ဆင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ရေဦးမြို့ရှိ ချမ်းသာရွာတွင် ခရစ်ယာန်ဘုန်းတော်ကြီး ခြောက်ပါးအား နံနက် ၃ နာရီခန့်က ရေဦး NLD ကိုယ်စားလှယ်အား ကာကွယ်ပေးထား သည်ဟု ဒလန်များက သတင်းပေးသည့်အတွက်ဟုဆိုကာ စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးသွားခဲ့ပြီး ယနေ့ နေ့လယ်ပိုင်းတွင်မူ ပြန်လွှတ်ပေးခဲ့သည်။ 

• ခင်ဦးမြို့ မြို့နယ်စည်ပင်ရုံးတွင် နေ့လယ် ၁၂ နာရီခန့်က ဆိုင်ကယ်စီးလာသူ လူနှစ်ဦးက ဗုံးပစ်သွင်းခဲ့သည့်အတွက် ပေါက် ကွဲမှုဖြစ်ပွားခဲ့ကာ လူထိခိုက်မှုမရှိသော်လည်း ရုံးအုတ်နံရံများ အက်ကွဲခဲ့သည်ဟု သိရကာ ပေါက်ကွဲမှုအပြီးတွင် စစ်အုပ်စု လက်နက်ကိုင်များ ရောက်လာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနေ လူငယ်နှင့် တောင်သူများကလည်း စိုက်ခင်းများအတွင်း၌ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

မကွေးတိုင်းဒေသကြီး

• တောင်တွင်းကြီးမြို့နယ်တွင် CDM ပြုလုပ်သည့် အလုပ်ထုတ်ခံရသည့် ပညာရေးဝန်ထမ်းများနေရာတွင် အစားထိုးရန် ရာထူးတိုး၊ နေရာပြောင်းရွေ့ခေါ်ယူမှုများ ပြုလုပ်လျက်ရှိသည်။ တောင်တွင်းကြီးတွင် CDM ပြုလုပ်မှုကြောင့် အလုပ်ထုတ်ခံ ထားရသည့် ပညာရေးဝန်ထမ်း ၃၉၅ အထိ ရှိသည်။ 

• မကွေးမြို့နယ်တွင်းရှိ ကျေးရွာ ၁၅ ရွာ စုပေါင်းသပိတ်စစ်ကြောင်းကလည်း လူဦးရေ ၁၀၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာနေ ပြည်သူများကလည်း အာရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• လောင်းလုံမြို့နယ် မောင်းမကန်ကျေးရွာတွင်လည်း ဒေသခံများက ကျေးရွာသပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ လောင်းလုံမြို့နယ် ညင်းမော်ကျေးရွာတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်တောင်ပိုင်း သပိတ်စစ်ကြောင်းကလည်း ဆိုင်ကယ်သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း နေ့လယ်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်အတွင်း စုဝေးကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ပြည်သူ့သပိတ်စစ်ကြောင်းကလည်း "အာဆီယံ အလိုမရှိ"၊ "စစ်ကျွန်ပညာရေးအလိုမရှိ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ကြံ့ခင်းမြို့နယ်၊ NLD အလုပ်အမှုဆောင် ဦးစိုးတင့်ကို စစ်အုပ်စုလက်နက်ကိုင် စစ်သားနှင့် ရဲတပ်ဖွဲ့များက ၎င်း၏ အိမ်တွင် ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးသွားသည်။ 

ကချင်ပြည်နယ်

• မြစ်ကြီးနား၊ အောင်နန်းရပ်ကွက်ရှိ ရှိန်ရှင်းအပေါင်ဆိုင်ရှေ့တွင် ဇွန်လ ၁၁ ရက် ဖမ်းဆီးခံခဲ့ရသည့် စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်သူ လူငယ်လေးဦးအား မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားရာမှ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်သို့ ပို့ဆောင်လိုက်သည်။ လူငယ်လေးဦးမှ အပေါင်ဆိုင်အတွင်းသို့ ဖုန်းဝယ်ရန်အတွက် သွားရောက်စဉ် စစ်အုပ်စုထောက်ခံ ဒလန်များက သတင်းပေးလိုက်သည့်အတွက် အရပ်ဝတ်လက်နက်ကိုင်များ ရောက်လာကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

• မိုးကောင်းမြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော် ခဲ့သည်။ 

• ဖားကန့်မြို့နယ်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည့် ကြားကပင် အဖြူရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်၍ ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဖားကန့်တွင် "ကျောက်ဝိုင်းသပိတ်စစ်ကြောင်း" အမည်ဖြင့် ဆန္ဒပြလေ့ရှိသည့် ကျောက်ဝိုင်းတွင် အလုပ်လုပ်သည့် သူများက ယနေ့တွင် ကျောက်ဝိုင်း၌ ကျောက်တစ်လုံး အောင်ခဲ့သည့် အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်း ရေးအတွက် "ကျောက်အောင်သပိတ်" ဟု အမည်ပြောင်းကာ စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ ဖားကန့်၊ ဟောင်ပါးအုပ်စုသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီစုဝေးကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် စစ်အုပ်စုဘက်က ဒေသခံပြည်သူ့စစ်များနှင့် ပူးပေါင်း၍ ကချင်လွတ်မြောက် ရေးတပ်မတော် - KIA အား တိုက်ခိုက်ရန်အတွက် သုံးရက်ကြာမြင့်သည့် စစ်သင်တန်းများ ပေးနေကာ စစ်အုပ်စုလက်အောက်ခံတပ်ရင်းတပ်ဖွဲ့များတွင်လည်း တပ်မိသားစုများထဲမှ အလုပ်အကိုင်မရှိသူသေးသူ အသက် ၁၈ နှစ်အထက် လူငယ်များကိုလည်း စစ်သင်တန်းတက်ခိုင်းမှုများလည်း ပြုလုပ်လျက်ရှိသည်။ 

ကယားပြည်နယ်

• စစ်အုပ်စုလက်နက်ကိုင်များက ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDF တပ်စွဲထားသည်ဟု ယူဆသည့် နေရာများ အား စစ်ကြောင်းထိုးမှုများအား ယမန်နေ့က ပြုလုပ်ခဲ့သော်လည်း ထိတွေ့မှုမရှိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။ ယမန်နေ့က ဒီးမော့ဆိုမြို့နယ် မြလဲကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် စစ်အုပ်စုလက်နက်ကိုင်များက ကျေးရွာလုံခြုံရေး ယူထားသည့် လူငယ်များနှင့် နန်းဖယ်ခုံမြို့နယ် ကျွန်းတောကျေးရွာနေ လူငယ်များအား ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကာ ဝါတောခူရွာသစ် ဘုရားကျောင်းတွင် တပ်စွဲကာ ဒေသခံများ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

• စစ်အုပ်စုက မြို့ပေါ်နေ လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက စစ်သင်တန်းပေးကာ ဖောက်ခွဲမှုများ ပြုလုပ်ခိုင်းနေကြောင်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့ရာ လက်နက်ငယ်သင်တန်းပေးခြင်းများ ရှိကာ ဖောက်ခွဲရေးသင်တန်းပေးခြင်းမှာ မဟုတ်မှန်ကြောင်း လက်နက်ကိုင်ထားသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP ဘက်က တုံ့ပြန်ထားသည်။ 

• ကယားပြည်နယ်တွင် စစ်အုပ်စုက သေဆုံးသည်အထိ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၅၀ ဦးအထိ ရှိလာကာ ဒီးမော့ဆိုမှ ၂၈ ဦး၊ လွိုင်ကော်မှ ၁၇ ဦး၊ မိုးဗြဲ သုံးဦး၊ ဖယ်ခုံနှင့် ဘော်လခဲမှ တစ်ဦးစီတို့ ဖြစ်ကြောင်း တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု - PKPF က ထုတ်ပြန်ထားသည်။ 

• လွိုင်ကော်မြို့ အဝေးပြေးကားဂိတ်တွင် စစ်ဘေးရှောင်များအတွက် အလှူရှင်များက ပေးပို့သည့် ပစ္စည်းများအား သွားရောက်ယူခဲ့သူ ကိုသက်မှူးအောင်နှင့် ကိုမင်းဦးတို့ နှစ်ဦးအား ယမန်နေ့တွင် စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီး သွားသည်။ 

• စစ်အုပ်စုအနေဖြင့် မိုးဗြဲတွင် စစ်ဘေးရှောင်များအတွက် ရိက္ခာများနှင့် ရိက္ခာသယ်ကားအား ဖျက်ဆီးမီးရှို့ခဲ့ခြင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကာ နိုင်ငံတကာစစ်ဥပဒေများအား လေးစားလိုက်နာကာ သတ္တိရှိရှိ ယောက်ျားဆန်ဆန် တိုက်ခိုက်ရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်တိုက်တွန်းထားသည်။

ကရင်ပြည်နယ်

• ဘုရားသုံးဆူမြို့နေ ပြည်သူများကလည်း "ဘယ်တော့မှ သွေးအေးမသွားမယ့် ကရင်ပြည်နယ် ဘုရားသုံးဆူ သပိတ်စစ်ကြောင်း" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• စစ်အုပ်စုလက်နက်ကိုင်များက သံတောင်ကြီးမြို့နယ်၊ ဆီဘူးတွင် တပ်စွဲပြီးနောက် ကယားပြည်နယ်ဘက်သို့ ထိုးစစ်ဆင်ရန် ပြုလုပ်လာပြီးနောက် တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်နေခဲ့ကာ စစ်အုပ်စုဘက်က မြို့နယ်အတွင်း လူမစုဝေးရန်နှင့် ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်။

ချင်းပြည်နယ်

• မင်းတပ်မြို့ ဘုရားစခန် (ချောင်းဆုံ) တွင် ဒေသခံ Chinland Defense Force တပ်ဖွဲ့ဝင်များနှင့် စစ်အုပ်စုလက်နက်ကိုင်များ ဇွန်လ ၈ ရက်က တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက အဆိုပါကျေးရွာအတွင်း စီးနင်းဝင်ရောက်ကာ ဒေသခံများကိုပါ ပစ်ခတ် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် အသက် ၄၇ နှစ်အရွယ် ဦးမန်မောင်းမှာ ရိုက်နှက်ခံရမှုများကြောင့် ဦးခေါင်းကွဲကာ ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိခဲ့ကာ အသက် ၆၃ နှစ်အရွယ် ဒေါ်ဂေစိမ်းငှိမ်းမှာ ပေါင်တွင် ကျည်ထိမှန်ခဲ့သော်လည်း လုံခြုံ ရေးအခြေအနေကြောင့် သွားလာရန်ခက်ခဲကာ ကုသမှုမခံရသေးဘဲ ရှိနေသည်ဟု သိရသည်။ 

မွန်ပြည်နယ်

• ဖမ်းဆီးခံထားရသည့် သထုံ NLD ပြည်နယ်အမတ် ဒေါ်မာမာခိုင်နှင့် ခင်ပွန်းဖြစ်သူ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ထွန်းအား CDMတွင် ပါဝင်ရန် လှုံ့ဆော်မှု၊ ဆန္ဒပြပွဲများတွင် ခေါင်းဆောင်မှုဖြင့် ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်လိုက်ပြီ ဖြစ်သည်။ 

• စစ်အုပ်စုက ပေးသည့် ကျွန်ပညာရေးစနစ်ကို CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများနှင့်အတူ ဆန့်ကျင်တော်လှန် ပေးရန်အတွက် ကျောင်းသားမိဘများအး ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။ 

• ပေါင်မြို့ဒေသခံ လူငယ်များကလည်း "သတ္တိသွေးပြောင် ငါတို့ ပေါင်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်လွှင့်ထူကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒပြခဲ့ကြသည်။ 

ရှမ်းပြည်နယ်

• ရှမ်းပြည်မြောက်ပိုင်း၊ မုံကိုးမြို့ ဖောင်းဆိုင်ဒေသတွင် ကချင်ပြည်တပ် အထူးတပ်မဟာ ၁၀၈ ကို ဇွန်လ ၁၂ ရက် နေ့စွဲဖြင့် စတင်ဖွဲ့စည်းပြီးဖြစ်ကြောင်း ကချင်အမျိုးသားအစည်းအရုံး - KNO က ကြေညာလိုက်ကာ ယင်းဖွဲ့စည်းမှုကို လက်မခံ ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် - KIA က ကြေညာထားပြီး ဖြစ်သည်။ 

• တောင်ကြီးမြို့နယ်၊ မောက်စံကျေးရွာနေ ဆန်စက်လုပ်ငန်းရှင်နှင့် NLD ပါတီဝင်တစ်ဦးဖြစ်သူ ဦးထွက်မောင်အား အမည်မသိရသေးသည့် လက်နက်ကိုင်အဖွဲ့တစ်ခုမှ သေနတ်ဖြင့်ပစ်သတ်ကာ အလောင်းကိုလည်း ယူဆောင်သွားသည်ဟု သိရသည်။ 

• CRPH ညွှန်ကြားချက်ဖြင့် တအောင်း (ပလောင်) ဒေသတွင် ကြားကာလအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကာ ၎င်းမှာ ဒေသတွင်း လူမျိုးစုပဋိပက္ခများ ဖြစ်ပေါ်စေရန် ပုံဖော်ရာရောက်သည့်အပြင် မတည်ငြိမ်မှုများအား အခွင့်ကောင်းယူကာ အမြတ်ထုတ်ရာလည်း ရောက်သည့်အတွက် လူမျိုးစုပြဿနာများ ဖြစ်ပေါ်လာပါက CRPH အနေဖြင့် တာဝန်ယူ၊ တာဝန်ခံရမည်ဟု ရှမ်းတိုင်းရင်းသားအဖွဲ့အစည်း ကိုးခုက ကြေညာချက် ထုတ်ပြန်လိုက်သည်။ 

• လားရှိုး TTC ကျောင်းတွင် CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်း ဆရာသုံးဦးအား Non CDM ပြုလုပ်နေသည့် ဆရာ၊ ဆရာမများက ဝန်ထမ်းအိမ်ရာမှ ဖယ်ခိုင်းရန် အစည်းအဝေးလုပ် ဖိအားပေးမှုများ ရှိနေကြောင်း သိရသည်။ 

ရခိုင်ပြည်နယ်

• ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် - ALP မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ငါးဦးအား ပစ္စတို၊ ခြောက်လုံးပူး၊ လက်ပစ်ဗုံးများနှင့်အတူ အိန္ဒိယနိုင်ငံ မီဇိုရမ်တွင် အိန္ဒိယဗဟိုအစိုးရ လက်အောက်ခံ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးထားသည်။ 

နေပြည်တော်

• စစ်အုပ်စုက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲများတွင် တက်ရောက်သတင်းယူသူများကို မေးမြန်းလိုသည့် မေးခွန်းများ ကြိုပို့ရသည့်ပုံစံဖြင့်သာ သတင်းတက်ရောက်ယူခွင့် ပြုထားသည်။ 

• စစ်အုပ်စုက ကျန်းမာရေးကဏ္ဍမှ အရေးပါသူများအား ဖမ်းဆီးထားခြင်းကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် လူ့အခွင့်အရေး ဆိုင်ရာသမားတော်အဖွဲ့ - PHR က တောင်းဆိုထားသည်။ စစ်အုပ်စုက ဧပြီလ ၄ ရက်တွင် အရေးပေါ်ကုသမှုဆေးပညာဌာန အကြီးအကဲ ဒေါက်တာမော်မော်ဦးနှင့် ဇွန်လ ၁၀ ရက်က မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးမှု အစီအစဉ် - EPI အဖွဲ့ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာထားထားလင်းတို့အား ဖမ်းဆီးထာသည်။ 

ဇွန် ၁၃ သုံးသပ်ချက်

• ရန်ကုန်တွင် ပြောက်ကျားသပိတ်များ ဆက်ရှိနေဆဲဖြစ်ကာ စစ်အုပ်စုဒေါက်တိုင်များအား ဦးတည်တိုက်ခိုက်မှုများလည်း ဆက်ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်တွင် အင်အားနည်းနေသည့်အတွက် လှည့်ကင်းစနစ်ဖြင့်သာ လုံခြုံရေးယူထားကာ အရပ်ဝတ်လက်နက်ကိုင်များကိုလည်း အသုံးပြုလျက်ရှိပြီး တပ်စွဲထားသည့် နေရာအချို့တွင်လည်း လုံခြုံရေးအစီအမံများ တိုးမြှင့်လျက်ရှိသည်။ 

• မန္တလေးတွင် လူထုသပိတ်ကြီးများ အားကောင်းလျက်ရှိကာ အချို့သပိတ်စစ်ကြောင်းများမှာ အဓိကကျသည့် လမ်းဆုံလမ်းခွများအထိ တက်လာနေသည်။ စစ်အုပ်စုဘက်ကလည်း အရပ်ဝတ်လက်နက်ကိုင် အသုံးပြုမှုများ ဆက်လက်ရှိနေကာ ၎င်းတို့ သံသယရှိသူများကိုအား လိုက်လံဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာနေသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် ကျေးရွာများတွင် လူအင်အား ထောင်နှင့်ချီ ပါဝင်သည့် သပိတ်စစ်ကြောင်းကြီးများအထိ ပါဝင်သည့် လူထုလှုပ်ရှားမှုများ ဆက်ရှိနေဆဲဖြစ်သည်။ ခုခံအားကောင်းသည့် မြို့ကြီးများတွင်မူ စစ်အုပ်စု ဘက်က လုံခြုံရေးအင်အားဖြည့် ထိန်းချုပ်နိုင်ရန် လုပ်ဆောင်လျက်ရှိကာ အချို့မြို့နယ်များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်မှုများ ရှိလာနေသည်။ 

• စစ်အုပ်စုဘက်တွင် လူထုသပိတ်နှင့် လက်နက်ကိုင်လှုပ်ရှားမှုများအား ရှင်းလင်းနိုင်ရန် အင်အားမလုံလောက်သည့်အတွက် ၎င်းတို့အား ထောက်ခံသူများ၊ ပါတီများမှ ပါတီဝင်များအား လက်နက်တပ်ဆင်ပေးကာ လုံခြုံရေးကိစ္စများနှင့် ဖမ်းဆီးရေး လုပ်ငန်းများတွင် အသုံးပြုလာလျက်ရှိသည်။ ထို့ပြင် CDM ကြောင့် လစ်လပ်ကုန်သည့် ဝန်ထမ်းများနေရာတွင် လူစားထိုးရေး၊ အခွန်ပြန်ကောက်နိုင်ရေးအတွက် အင်အားသုံးလုပ်ဆောင်လျက် ရှိသည်။ ထို့ပြင် NLD ပါတီနှင့် NUG/CRPH အဖွဲ့များ အား ပုံဖျက်ဝါဒဖြန့်နိုင်ရေးအတွက်လည်း နည်းပေါင်းစုံဖြင့် လုပ်ဆောင်ကာ နိုင်ငံတကာအား ချပြနိုင်ရေးကိုလည်း အထူး အာရုံစိုက်လုပ်ဆောင်လျက်ရှိသည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly