ဆီးရီးယားရှိ သူပုန်ထိန်းချုပ်တဲ့ အဖရင်မြို့မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရမှုကြောင့် လူ ၁၈ ဦး သေဆုံး

ဆီးရီးယားရှိ သူပုန်ထိန်းချုပ်တဲ့ အဖရင်မြို့မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရမှုကြောင့် လူ ၁၈ ဦး သေဆုံး
Photo - AFP

ဇွန် ၁၃

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ သူပုန်တို့ထိန်းချုပ်ရာ အဖရင်မြို့မှာ ဇွန်လ ၁၂ ရက်က အမြှောက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ စစ်ပွဲစောင့်ကြည့်အဖွဲ့တစ်ခုက ပြောပါတယ်။

တူရကီ ကျောထောက်နောက်ခံပြု သူပုန်တွေ ထိန်းချုပ်ထားတဲ့ အဖရင်မြို့က အယ်လ် ရှီဖာ ဆေးရုံကို အမြှောက်ကျည်ဆန် ထိမှန်ကျရောက်ခဲ့ပြီးနောက် ဆရာ၀န်၊ ဆေးရုံအမှုထမ်း၊ အမျိုးသမီးနဲ့ ကလေးတွေအပါအ၀င် လူ ၁၈ ဦး သေဆုံးခဲ့တာဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

အဆိုပါ တိုက်ခိုက်ခံရမှုမှာ သူပုန် တပ်မှူးတစ်ဦးလည်း ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပြီး အခြား လူပေါင်း ၂၃ ဦးခန့် ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။

“ဒီပစ်ခတ်တိုက်ခိုက်မှုက အဖရင်မြို့ရဲ့ နေရာတစ်ချို့ကို ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်၊ ဆေးရုံကတော့ လက်နက်ကြီးကျည် ထိမှန်ခဲ့ပါတယ်” လို့  ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ရာမီ အဗ္ဘဒဲလ် ရာမနီက ပြောပါတယ်။

“သေဆုံးသူ အများစုကတော့ ဆေးရုံ အမြှောက်ကျည် ထိမှန်ကျရောက်မှုအတွင်း သေဆုံးခဲ့ကြရတာဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေအနက် တစ်ချို့ဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပြီး သေဆုံးသူဦးရေ ထပ်တိုးလာနိုင်သေးတယ်လို့လည်း ၎င်းက ပြောပါတယ်။

ယခုဖြစ်စဉ်မှာ အမြှောက်လက်နက်ကြီး ပစ်ခတ်မှုကတော့ အီရန်နဲ့ ဆီးရီးယားအစိုးရကို သစ္စာခံတဲ့ တပ်ဖွဲ့တွေ ရှိတဲ့ အလက်ပိုဒေသ မြောက်ပိုင်းကနေ လာတာဖြစ်တယ်လို့လည်း ဗြိတိန်အခြေစိုက် အဖွဲ့က ပြောပါတယ်။

ကာ့ဒ်ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် အင်အားစု (SDF) ကတော့ ယခုဖြစ်စဥ်မှာ ၎င်းတို့ ပါ၀င်ပတ်သက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကလည်း ဆီးရီးယားအစိုးရတပ်တွေဟာ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ အိုင်ဒလစ် နယ်မြေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ လူ ၁၂ ဦး သေဆုံးခဲ့ပြီး ဒါဟာ ၁၅ လတာကြာမြင့်တဲ့ အပစ်ရပ်စဲမှုအပေါ် အကြီးမားဆုံး ချိုးဖောက်မှုတစ်ခုဖြစ်တယ်လို့ စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လူမဆန်စွာ ဖိနှိပ်ဖြိုခွင်းမှုနဲ့အတူ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ဆီးရီးယား ပြည်တွင်းပဋိပက္ခစစ်ကြောင့် လူပေါင်း ငါးသိန်းနီးပါး သေဆုံးထားခဲ့ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly