ဝေလငါးပါးစပ်ထဲ ရောက်ခဲ့ပြီး ကံအားလျော်စွာ အသက်ရှင်လွတ်မြောက်ခဲ့တယ်ဆိုတဲ့ အမေရိကန် တံငါသည်

ဝေလငါးပါးစပ်ထဲ ရောက်ခဲ့ပြီး ကံအားလျော်စွာ အသက်ရှင်လွတ်မြောက်ခဲ့တယ်ဆိုတဲ့ အမေရိကန် တံငါသည်
Photo - AFP

ဇွန် ၁၃

ဝေလငါးတစ်ကောင်ရဲ့ ပါးစပ်ထဲ ရောက်ခဲ့ပြီးမှ ကံအားလျော်စွာ အသက်ရှင်လျက် ပြန်လည်လွတ်မြောက်ခဲ့ရကြောင်း အမေရိကန် ကျောက်ပုစွန်ဖမ်းသမားတစ်ဦးက ဇွန်လ ၁၂ ရက်မှာ ထုတ်ဖော်ဖွင့်ဟခဲ့ပါတယ်။

မိုက်ကယ် ပက်ကာ့ဒ် အမည်ရ အမေရိကန်တံငါသည်က ပြောကြားခဲ့ရာမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်က ၎င်းကို ကျောခုံးဝေလငါးကြီးတစ်ကောင်က မျိုခဲ့လို့ ၎င်းဟာ ဝေလငါးပါးစပ်ထဲ ရောက်သွားခဲ့တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

“ကျွန်တော်ဟာ ဝေလငါးပါးစပ်ထဲမှာ စက္ကန့် ၃၀ ကနေ စက္ကန့် ၄၀ ကြာလောက်ရောက်သွားခဲ့တယ်၊ အဲဒီနောက် ‌ဝေလငါးက ရေပေါ် ပြန်ပေါ်လာပြီး ကျွန်တော့်ကို ပြန်ထွေးထုတ်ခဲ့တယ်” လို့ ပက်ကာ့ဒ်က ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

“တကယ်တော့ ဝေလငါးက ကျွန်တော့်ကို စားဖို့ လုပ်ခဲ့တာပါ၊ ဒါပေမယ့် ကျွန်တော် လွတ်မြောက်ခဲ့ပါတယ်၊ ပွန်းပဲ့ဒဏ်ရာတွေ ရခဲ့ပေမယ့် အရိုးတွေတော့ ကျိုးမသွားခဲ့ပါဘူး” လို့ ၎င်းက ပြောပါတယ်။

၎င်းဟာ မက်ဆာချူးဆက် ပြည်နယ် ကမ်းခြေအနီး ကျောက်ပုစွန် ရှာဖို့ ရေငုပ်နေခဲ့ချိန်မှာ ဒီလိုမျိုး ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့တာဖြစ်ကြောင်း ပက်ကာ့ဒ်က ပြည်တွင်းသတင်းစာ Cape Cod Times ကို ပြောပါတယ်။

“ကျွန်တော် ရေငုပ်နေတုန်းမှာ အင်မတန် ကြီးမားတဲ့ အရာတစ်ခုက ကျွန်တော့်ကို တိုးဝှေ့လိုက်သလိုမျိုး ခံစားခဲ့ရတယ်၊ ပြီးတော့ ရုတ်တရက် အမှောင်ကျသွားတယ်ဆိုတာကို သိလိုက်ရတယ်” လို့ ၎င်းက ဆေးရုံကနေ ဆင်းပြီးနောက်ပိုင်း ၎င်းရဲ့ဖြစ်စဥ်ကို ပြန်လည် ပြောပြခဲ့ပါတယ်။

၎င်းဟာ ပထမတော့ ငါးမန်းတစ်ကောင် တိုက်ခိုက်တာကို ခံလိုက်ရပြီလို့ ထင်ခဲ့မိတယ်လို့ ဆိုပြီး နောက်ကျမှ သွားတွေ မရှိတာနဲ့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာတွေမရတာကြောင့် ၎င်းအနေနဲ့ ဘာတွေဖြစ်နေသလဲဆိုတာ ပြန်လည်စဥ်းစားရင်းနဲ့ ရုန်းကန်နေခဲ့တယ်လို့ ဆိုပါတယ်။

“နောက်တော့ ကျွန်တော် အလင်းရောင် မြင်ခဲ့တယ်၊ ပြီးတော့ ‌ဝေလငါးက သူ့ခေါင်းကို ဘယ်ပြန်ညာပြန် ယမ်းနေခဲ့ပြီး အဲဒီနောက်ပိုင်း ကျွန်တော် သိလိုက်ရတာက ကျွန်တော်အပြင်ပြန်ရောက်ပြီး ရေထဲမှာ ရောက်နေတာကို သိလိုက်ရတယ်”လို့လည်း ပက်ကာ့ဒ်က ပြောပါတယ်။

ပက်ကာ့ဒ် ပြောတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ၎င်းရဲ့ ငါးဖမ်းဖော်ငါးဖမ်းဘက်တစ်ဦးဖြစ်တဲ့  ဂျိုစီယာ မာယိုက ပြောကြားခဲ့ရာမှာတော့ ၎င်းအနေနဲ့ ရေထဲမှာ ဗွမ်းကနဲဖြစ်ပြီး ဝေလငါးတစ်ကောင် ပေါ်လာတာကို တွေ့ခဲ့ရကြောင်းနဲ့ ပက်ကာ့ဒ် အရှိန်နဲ့ လွင့်ထွက်လာတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တစ်ခြား အသေးစိတ်အကြောင်းအရာတွေကိုတော့ ၎င်းက ပြောဆိုခဲ့ခြင်း‌ မရှိပါဘူး။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ မက်ဆာချူးဆက်ပြည်နယ် ပရိုဗင့်စ်တောင်းမြို့ ပင်လယ်ကမ်းခြေ လေ့လာမှုစင်တာမှ ကျောခုံးဝေလငါးဆိုင်ရာ လေ့လာမှုဌာန ညွှန်ကြားရေးမှူး ဂျွတ်ခ် ရော့ဘင်စ်က သူမအနေနဲ့ ပက်ကာ့ဒ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ သံသယဖြစ်စရာ အကြောင်းတော့ မရှိဘူးလို့ ဆိုပါတယ်။

“ဒါဟာ လှိမ့်လုံးတစ်ခု ဖြစ်တယ်လို့တော့ ကျွန်မ မထင်ပါဘူး၊ ဘာလို့လဲဆိုတော့ လူတွေ ပါ၀င်ပတ်သက်ခဲ့တယ်ဆိုတာကို ကျွန်မ သိတယ်လေ၊ ဆိုတော့ သူတို့ပြောတာတွေ အမှန်ဖြစ်တယ်ဆိုတာကို ယုံကြည်နိုင်တဲ့ အကြောင်းရင်းတွေ ကျွန်မမှာ ရှိပါတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် ခုလိုဖြစ်စဥ်မျိုးကိုတော့ သူမအနေနဲ့ အရင်က တစ်ခါမှ မကြားခဲ့ဖူးဘူးလို့ ရော့ဘင်စ်က ပြောပါတယ်။ ဖြစ်နိုင်တာက ပက်ကာ့ဒ်ဟာ မှားယွင်းတဲ့ နေရာတစ်ခုကို အချိန်မှားပြီး ရောက်သွားခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

“ ဝေလငါးတွေက အစာ စားတဲ့အခါ ရှေ့ကို တစ်ဟုန်ထိုး တက်ပြီး မြန်မြန်ဆန်ဆန်ပဲ ငါးနဲ့ ရေကို မျိုလိုက်တာဖြစ်ပါတယ်” လို့ သူမက ပြောပါတယ်။ ဒ့ါပေမယ့် ယင်းတို့မှာ ကြီးမားတဲ့ ပါးစပ်တွေ ရှိပေမယ့် လည်မျိုတွေက အ‌တော်ကျဥ်းမြောင်းတဲ့အတွက် ယင်းတို့ဟာ လူတစ်ဦးကိုတော့ ၀မ်းထဲအထိ မျိုချနိုင်မှာ မဟုတ်ဘူးလို့လည်း ၎င်းက ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် အရေးကြီးတာက လူသားတွေအနေနဲ့ သတိတော့ ထားရပါမယ်၊ သူတို့အနေနဲ့ ဝေလငါးတစ်ကောင်ကို တွေ့တဲ့အခါမှာ သင့်တော်တဲ့ အကွာအဝေးတစ်ခုမှာ ခွာနေရပါမယ်၊ ဝေလငါးတွေကို လှုပ်ရှားသွားလာနိုင်အောင် နေရာပေးဖို့ အင်မတန် အ‌ရေးကြီးပါတယ်” လို့ ‌ရော့ဘင်စ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly