ယခုနှစ် ဟာ့ဂျ်ဘုရား၀တ်ပြုပွဲကို နိုင်ငံတကာခရီးသွားတွေ လာရောက်ခွင့် ဆော်ဒီ ထပ်မံပိတ်ပင်

ယခုနှစ် ဟာ့ဂျ်ဘုရား၀တ်ပြုပွဲကို နိုင်ငံတကာခရီးသွားတွေ လာရောက်ခွင့် ဆော်ဒီ ထပ်မံပိတ်ပင်

ဇွန် ၁၃

ယခုနှစ် ဟာ့ဂျ်ဘုရား၀တ်ပြုပွဲ တက်ရောက်ဖို့အတွက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီးသား ဒေသခံ  ခြောက်သောင်းကိုသာ ခွင့်ပြုပေးသွားမှာ ဖြစ်ကြောင်းနဲ့ ပြည်ပကနေလာမယ့် အစ္စလာမ်ဘာသာ၀င်တွေကို နှစ်နှစ်ဆက်တိုက် ပိတ်ပင်သွားမှာ ဖြစ်ကြောင်း ‌ဆော်ဒီအာရေးဗျက ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

မက္ကာမြို့မှာ ပြုလုပ်တဲ့ ဟာ့ဂျ် ဘုရား၀တ်ပြုပွဲမှာတော့ ပုံမှန်အားဖြင့် သန်းနဲ့ချီတဲ့ ဘုရားဖူးတွေဟာ အစ္စလာမ်ဘာသာ၀င်တို့ရဲ့ အထွတ်အမြတ် ဘာသာရေးနေရာတွေဆီ စုဝေးရောက်ရှိကြလေ့ ရှိပေမယ့် ယခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေဆဲဖြစ်တာကြောင့် ယင်းဟာ ရောဂါကူးစက်ဖြစ်ပွားမှုရဲ့ အဓိကရင်းမြစ်တစ်ခု ဖြစ်နိုင်တဲ့ အခြေအနေ ရှိနေတာဖြစ်ပါတယ်။

ဟာ့ဂျ် ဘုရားဖူးပွဲကတော့ ကျန်းမာရေး‌ကောင်းပြီး ငွေကြေးအဆင်ပြေတဲ့ အစ္စလာမ်ဘာသာ၀င်တိုင်း ၎င်းတို့ရဲ့ ဘ၀တစ်သက်တာမှာ အနည်းဆုံး တစ်ခါလောက်တော့ သွားသင့်တဲ့ နေရာလည်းဖြစ်ပါတယ်။

ယခုနှစ်မှာတော့ ဆော်ဒီ နိုင်ငံတွင်းက နိုင်ငံသားတွေနဲ့ ဒေသခံတွေကိုသာ ဘုရားဖူးခွင့်ပြုမှာ ဖြစ်ပြီး ဘုရား၀တ်ပြုသူဦးရေကို ခြောက်သောင်းအထိသာ ကန့်သတ်ထားတယ်လို့ ဟာ့ဂျ် ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဇူလိုင်လထဲမှာ ကျင်းပပြုလုပ်ဖို့ စီစဥ်ထားတဲ့ ဟာ့ဂျ်ဘုရား၀တ်ပြုပွဲမှာတော့ ကာကွယ်ဆေးထိုးထားပြီးသားဖြစ်တဲ့ အသက် ၁၈ နှစ် နဲ့ ၆၅ နှစ်အကြား နာတာရှည်ရောဂါ မရှိသူတွေကိုသာ ခွင့်ပြုပေးသွားမှာဖြစ်ကြောင်းလည်း ယင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယမန်နှစ် ဇူလိုင်လ ဟာ့ဂျ်ဘုရားပွဲတုန်းကလည်း ကိုဗစ်-၁၉ ကြောင့် အစ္စလာမ်ဘာသာ၀င် တစ်သောင်းမျှသာ တက်ရောက်ခဲ့ပြီး ဒါဟာ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်က ငါးရက်တာ ဘုရားဖူးပွဲကာလအတွင်း တက်ရောက်ပါ၀င်ခဲ့သူဦးရေ ၂ ဒသမ ၅ သန်းနဲ့ ယှဥ်ရင် အင်မတန် နည်းပါးနေခဲ့တာ ဖြစ်ပါတယ်။

“ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ တကမ္ဘာလုံးမှာ စောင့်ကြည့်နေကြဆဲဖြစ်သလို ဗိုင်းရပ်စ်မျိုးကွဲသစ်တွေလည်း ပေါ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဒီကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အခြေအနေကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပါတယ်” လို့ ဆော်ဒီ ကျန်းမာရေး၀န်ကြီးဌာနကလည်း ထုတ်ပြန်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly