အာဖဂန်မှာ ကိုဗစ်လူနာအများစုက ဗိုင်းရပ်စ် ကူးစက်ခံရတာကို လက်မခံဘဲ အကျောက်အကန် ငြင်းဆန် 

အာဖဂန်မှာ ကိုဗစ်လူနာအများစုက ဗိုင်းရပ်စ် ကူးစက်ခံရတာကို လက်မခံဘဲ အကျောက်အကန် ငြင်းဆန် 
Photo - AFP

ဇွန် ၁၂

အာဖဂန်နစ္စတန် ကဘူးမြို့တော်က ဆေးရုံ အရေးပေါ်ခန်း ကုတင်ပေါ်မှာ ဆက်ဒ်အလီရှက်ဟာ အောက်ဆီဂျင်တပ်ထားတဲ့ကြားက အားထည့်ပြီး စကားပြောဆိုနေပါတယ်။ 

သူဟာ အသက်ရှုမွန်းကျပ်လို့ ဇနီးဖြစ်သူက မိုဟာမတ်အလီဂျင်နက်ဆေးရုံဆီ လာရောက်တင်ထားကုသထားတာပဲ ဖြစ်ပါတယ်။ အထူးကြပ်မတ်ဆောင်မှာ လေးရက်ကြာ နေရပြီးမှ ကောင်းကောင်း ထိုင်နိုင်ရုံပဲ ရှိသေးတယ်လို့ ဆက်ဒ်အလီက ဆိုပါတယ်။ 

“မဟုတ်ပါဘူး၊ မဟုတ်ဘူး၊ ကျွန်တော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံထားရပါဘူး”လို့ သူက ပြောပါတယ်။ 

အခြား လူနာတော်တော်များများလိုပဲ အသက် ၅၀ ရှိ ဆက်ဒ်အလီဟာ သူရဲ့ ကျန်းမာရေးအခြေအနေမှန်ကို လက်မခံဘဲ ငြင်းဆန်လျက် ရှိနေတာပါ။ 

“အမှန်တော့ ကိုဗစ်-၁၉ ဖြစ်နေတာပါ၊ သူမှာ ပိုးတွေ့ပါတယ်”လို့ ကုတင် ၂၀၀ ဆံ့ ဒီဆေးရုံက ညွှန်ကြားရေးမှူး ဒေါက်တာ ဆေယက်ဒ်အမီရီက ပြောပါတယ်။ 

“ဒါပေမဲ့ အခု အထူးကြပ်မတ်ကုသဆောင်ကို ရောက်လာတဲ့ လူနာတွေကို ကျွန်တော်တို့ အမှန်ပြောဖို့ ရှောင်ကြဉ်နေရတယ်၊ ဒီလိုမှမဟုတ်ရင် အမှန်ပြောလိုက်လို့ သူတို့ဟာ သေရတော့မှာပဲ ထင်ကြပြီး မျှော်လင့်ချက်အားလုံး ပျောက်ဆုံးကုန်တယ်”လို့ သူက ဆိုပါတယ်။ 

လက်ရှိ တာဝန်ရှိသူတွေအတွက် အဓိက စိုးရိမ်ပူပန်နေရတာကတော့ အောက်ဆီဂျင် လုံလုံလောက်လောက် မပေးနိုင်မှာကိုပါပဲ။ ဒါအပြင် ပြည်သူတွေကလည်း ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြတာ နည်းပါးပါတယ်။ 

“အရေးပေါ် အခြေအနေနဲ့ ရောက်လာတဲ့ ဆွေမျိုးသားချင်းလူနာတွေကို လိုက်ပါစောင့်ရှောက်သူတွေဟာ နှာခေါင်းစည်းမတပ်ကြတာကို ဆေးရုံရှေ့မှာတင် မြင်နိုင်ပါတယ်”လို့ ဒေါက်တာ အမီရီက ပြောပါတယ်။ 

ကုသခံဖို့ ဆွေမျိုးသားချင်းလူနာကို လာပို့တဲ့ သူတွေဟာ ကိုဗစ်-၁၉ စမ်းသပ်ခံဖို့နဲ့ နှာခေါင်းစည်းတပ်ဖို့ကို ငြင်းဆန်ကြတာလည်း ဖြစ်ပါတယ်။ “အများစုက ငြင်းကြတယ်ဗျာ၊ ဒီ အကျင့်စရိုက်ကို ပြင်ရ အတော်ခက်တယ်”လို့ ဒေါက်တာ အမီရီက ပြောခဲ့ပါတယ်။ 

အာဖဂန်နိုင်ငံမှာ တရားဝင် ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၉၀၀၀၀ အောက်မှာ ရှိပြီး ၃၄၀၀ နီးပါး သေဆုံးပေမယ့် စမ်းသပ်စစ်ဆေးမှု အားနည်းတာနဲ့ လူနာတွေက ကုသခံဖို့ ငြင်းဆန်တာကြောင့် အမှန်နှုန်းထားက ဒီထက်မက ရှိလိမ့်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly