ကမ္ဘာမှာ ပထမဆုံးအဖြစ် ဒီဂျစ်တယ်ငွေကြေး Bitcoin ကို အယ်လ်ဆာဗေဒိုနိုင်ငံက တရားဝင်ငွေကြေးအဖြစ် အတည်ပြု 

ကမ္ဘာမှာ ပထမဆုံးအဖြစ် ဒီဂျစ်တယ်ငွေကြေး Bitcoin ကို အယ်လ်ဆာဗေဒိုနိုင်ငံက တရားဝင်ငွေကြေးအဖြစ် အတည်ပြု 
Photo - AFP

ဇွန် ၁၁

ဒီဂျစ်တယ်ငွေကြေး Bitcoin ကို တရားဝင်ငွေကြေးအဖြစ် အယ်လ်ဆာဗေဒိုနိုင်ငံဟာ ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် အတည်ပြုလိုက်တာကြောင့် ဒီဂျစ်တယ်ငွေကြေးကို နှစ်သက်သူတွေအတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပေမယ့် ဈေးကွက်တွေမှာတော့ စိတ်မချ မယုံကြည်မှုတွေ ရှိလာပါတယ်။ 

ဗဟိုအမေရိကနိုင်ငံ အယ်လ်ဆာဗေဒိုနိုင်ငံရဲ့ လွှတ်တော်ဟာ Bitcoin ကို ပစ္စည်းဥစ္စာ၊ အိမ်ခြံမြေ ဝယ်တာကနေ အခွန်ပေးဆောင်တာအထိ အမျိုးမျိုးသော နေ့စဉ် ငွေလွှဲငွေယူ လုပ်ကြရာမှာ သုံးစွဲနိုင်ခွင့်ပြုတဲ့ ဥပဒေကြမ်းတစ်ရပ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က အတည်ပြုခဲ့တာပါ။ 

ဒါဟာဆိုရင် တည်ငြိမ်မှု အလွန်အင်မတန် နည်းပြီး ဗဟိုချုပ်ကိုင်မှုမဲ့တဲ့ ဒီဂျစ်တယ်ငွေကြေးကို နိုင်ငံအစိုးရတစ်ရပ်က အသိအမှတ်ပြုတာ ကမ္ဘာမှာ ပထမဆုံးပဲ ဖြစ်ပါတယ်။  

ဥရောပ၊ တရုတ်နဲ့ မြောက်အမေရိကမှာ မကြာသေးတဲ့ လပိုင်းအတွင်း ဆယ်ဆမက ကြီးထွားလာတဲ့ ဒီဂျစ်တယ်ငွေကြေးဈေးကွက်ကို ထိန်းချုပ်ဖြိုခွင်းမှုတွေ လုပ်ဆောင်နေတဲ့အချိန်မှာ အယ်လ်ဆာဗေဒိုနိုင်ငံက တရားဝင်ငွေကြေးအဖြစ် အတည်ပြုလာတာလည်း ဖြစ်ပါတယ်။ 

“တစ်ချို့နိုင်ငံကြီးတွေ၊ ပိုပြီး အင်အားတောင့်တင်းတဲ့ နိုင်ငံတွေက နယ်နမိတ်မဲ့ပြီး ကမ္ဘာလုံးဆိုင်ရာဖြစ်လာမယ့် ဒီဂျစ်တယ်ငွေကြေးတွေရဲ့ ခေတ်အရွေ့ကို ဖယ်ရှားပစ်ဖို့၊ နှေးကွေးတုံ့ဆိုင်းစေဖို့ ကြိုးစားနေကြတယ်”လို့ ဘဏ္ဍာရေးအတိုင်ပင်ခံလုပ်ငန်း deVere Group ရဲ့ အမှုဆောင်အရာရှိချုပ် နီဂယ်ဂရင်းက ပြောပါတယ်။ 

“ဒါပေမဲ့ နိုင်ငံငယ်လေးဖြစ်တဲ့ အယ်လ်ဆာဗေဒိုနိုင်ငံကတော့ ဒီဂျစ်တယ်ငွေကြေးတွေထဲက Bitcoin ကို တံခါးဖွင့်ပေးလိုက်ပါပြီ”ဆိုပြီး သူက ပြောပါတယ်။ 

ဒေါ်လာကို တရားဝင်ငွေကြေးအဖြစ် သုံးစွဲနေကြပြီး အမေရိကန်ငွေကြေးရဲ့ နိုင်ငံရေးအရ ဘောင်ခတ်ခံရမှုကို ကျော်လွှားလိုကြတဲ့ အယ်လ်ဆာဗေဒိုလို နိုင်ငံတွေအတွက် အခု ဆုံးဖြတ်ချက်ဟာ နမူနာအဖြစ် စဉ်းစားသုံးသပ်စရာ ဖြစ်လာစေတယ်လို့လည်း သူက ဆိုပါတယ်။ 

ပါရာဂွေးလွှတ်တော်အမတ် ကားလို့စ်ရီဂျာလာက သူ့နိုင်ငံအနေနဲ့ ဒီဂျစ်တယ်ငွေကြေးတွေနဲ့ ပတ်သက်လို့ မကြာခင်မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ဖို့ ရှိတယ်လို့ တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

တန်ဖိုးအားဖြင့် အံ့အားသင့်မြင့်တက်နေတဲ့ Bitcoin ကို ထောက်ခံတဲ့ အနေနဲ့ ရီဂျာလာဟာ သူ့ရဲ့ တွစ်တာပရိုဖိုင်ပုံမှာ အယ်လ်ဆာဗေဒို သမ္မတ နာယက်ဘ်ဘူကီလီလိုပဲ Bitcoin ပုံကို ထည့်သွင်းထားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly