ဆင်းရဲသော နိုင်ငံများကို ကိုဗစ်ကာကွယ်ဆေး ၁ ဘီလီယံ ဂျီ-၇ လှူဒါန်းမည်

ဆင်းရဲသော နိုင်ငံများကို ကိုဗစ်ကာကွယ်ဆေး ၁ ဘီလီယံ ဂျီ-၇ လှူဒါန်းမည်

ဇွန် ၁၁

စက်မှုထိပ်သီး ဂျီ ၇ နိုင်ငံများ၏ ခေါင်းဆောင်များသည် ကမ္ဘာပေါ်ရှိ ဆင်းရဲနွမ်းပါးသော နိုင်ငံများကို ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ အနည်းဆုံး တစ်ဘီလီယံ လှူဒါန်းထောက်ပံ့ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုပိုင်း တိုးချဲ့ရေးကို သဘောတူညီကြလိမ့်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံက ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

အဆိုပါ ထုတ်ပြန်ကြေညာမှု မတိုင်မီကလည်း အမေရိကန်နိုင်ငံက ကမ္ဘာပေါ်ရှိ ဆင်းရဲပြီး အလယ်အလတ်အဆင့် ၀င်ငွေနိမ့် နိုင်ငံ ၉၂ နိုင်ငံကို ကိုဗစ်ကာကွယ်ဆေး သန်း ၅၀၀ လှူဒါန်းပေးမည်ဟု ပြောထားခဲ့သည်။

အင်္ဂလန် အနောက်တောင်ပိုင်းတွင် အင်အားကြီးနိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံပြုလုပ်ပေးနေသည့် ယူကေနိုင်ငံကလည်း ယင်းအနေဖြင့် လာမည့်နှစ်အတွင်း ပိုလျှံသည့် ကာကွယ်ဆေး သန်း ၁၀၀ ခန့်ကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သည်။

ချမ်းသာသော နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးမှုနည်းပါးသော နိုင်ငံများထံ ကိုဗစ်-၁၉ ကာကွယ်ဆေးများ မျှဝေပေးရန် အားထုတ်မှုများကို ပိုမိုအရှိန်မြှင့်တင်လုပ်ဆောင်ကြရန် လိုအပ်သည်ဆိုသည့် တိုက်တွန်းတောင်းဆိုမှုများ ကြီးထွားလာနေခဲ့ပြီးနောက် ယခုကဲ့သို့ ကတိက၀တ်ပြုမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေသည် “ကာကွယ်ဆေးဆိုင်ရာ ခွဲခြားလုပ်ဆောင်နေမှု” တစ်ခုဆီ ဦးတည်နေကြောင်း ပရဟိတအဖွဲ့အစည်းများက သတိပေးနေကြသည်။

ကာကွယ်ဆေး အလုံးရေ သန်း ၄၀၀ ကျော် မှာယူထားသည့် ဗြိတိန်နိုင်ငံသည်လည်း ပိုမိုဆင်းရဲသော နိုင်ငံများအတွက် လှူဒါန်းမှုများ စတင်လုပ်ဆောင်ရန် ပျက်ကွက်နေခဲ့သည် ဆိုပြီး ဝေဖန်ပြစ်တင်မှုများနှင့် ကြုံတွေ့ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly