မြန်မာ့အရေးအပေါ် ပိုမိုခိုင်မာပြတ်သားစွာ တုံ့ပြန်လုပ်ဆောင်ရန် ပြင်သစ်သမ္မတကို HRW တိုက်တွန်း

မြန်မာ့အရေးအပေါ် ပိုမိုခိုင်မာပြတ်သားစွာ တုံ့ပြန်လုပ်ဆောင်ရန် ပြင်သစ်သမ္မတကို HRW တိုက်တွန်း

ဇွန် ၁၁

မြန်မာစစ်အာဏာသိမ်းမှုအပေါ် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၏ တုံ့ပြန်မှုက လက်တွေ့အခြေအနေ၏ ကြီးလေးမှု အတိုင်းအတာကို ကိုက်ညီထင်ဟပ်ထားစေခြင်း မရှိဟု နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Human Rights Watch (HRW) မှ အရာရှိများက ပြောကြားလိုက်သည်။

ယင်းအတွက်ကြောင့် ယူကေတွင် စက်မှုထိပ်သီး ဂျီ ၇ အုပ်စု၏ ထိပ်သီးအစည်းအဝေးတွင် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ပိုမို ပြင်းထန်ကြီးလေးသော ပြစ်ဒဏ်ချမှတ်မှုများ ထွက်ပေါ်လာရေး ဦးဆောင်ကြိုးပမ်းပေးရန် ပြင်သစ်သမ္မတ မက်ခရွန်ကို HRW ၏ အရာရှိများက တိုက်တွန်းတောင်းဆိုသွားခဲ့သည်။

“ဒါဟာ သမ္မတ မက်ခရွန်အတွက်ကတော့ မြန်မာအာဏာသိမ်းစစ်အုပ်စုရဲ့ ကြီးလေးတဲ့ ပြစ်မှုတွေအပေါ် ပိုမိုအားကောင်းပြင်းထန်တဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာအောင်လို့ အဓိက အစိုးရတွေနဲ့အတူ  နီးကပ်စွာနဲ့ ခိုင်မာပြတ်သားစွာ လုပ်ဆောင်သွားနိုင်မယ့် အခွင့်အရေးတစ်ခုပါပဲ” ဟု HRW ၏ အာရှရေးရာ ညွှန်ကြားရေးမှူး ဂျွန်ဆစ်ဖ်တွန် နှင့် ပြင်သစ် ညွှန်ကြားရေးမှူး ဘန်နီဒစ် ယန်းနာရော့ဒ် တို့က တိုက်တွန်းရေးသားခဲ့သည်။

ပြင်သစ်သည် စွမ်းအင်လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Total ကုမ္ပဏီအခြေစိုက်ရာ နိုင်ငံဖြစ်သလို အဆိုပါ Total ကုမ္ပဏီ၏ ဓာတ်ငွေ့လုပ်ငန်းက မြန်မာအာဏာသိမ်းစစ်အုပ်စုအတွက် အဓိက၀င်ငွေရင်းမြစ်တစ်ခုအဖြစ် ပံ့ပိုးပေးနေသည်။

Total သည် မြန်မာလုပ်ငန်းများအတွက် အစုအပေါ်အမြတ်ငွေတစ်ချို့ ထုတ်ပေးမှုကို ဆိုင်းငံ့ထားကြောင်း ပြောထားသော်လည်း ဓာတ်ငွေ့ ထောက်ပံ့ပေးဝေမှုကို ဖြတ်တောက်ခြင်းက အာဏာသိမ်းစစ်အုပ်စုထက် မြန်မာပြည်သူများကို ပိုမိုအထိနာစေလိမ့်မည်ဟု ပြောထားသည်။

သို့ရာတွင် ပြင်သစ်သမ္မတ မက်ခရွန်အနေဖြင့် ထိုကဲ့သို့သော ပြောဆိုချက်များအပေါ် ယိမ်းယိုင်တိမ်းညွတ်နေခြင်း မရှိသင့်ကြောင်း HRW ညွှန်ကြားရေးမှူးများက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required