အိန္ဒိယတွင် ကိုဗစ်ကြောင့် နေ့အလိုက် လူသေဆုံးမှု ကမ္ဘာ့စံချိန်တင်

အိန္ဒိယတွင် ကိုဗစ်ကြောင့် နေ့အလိုက် လူသေဆုံးမှု ကမ္ဘာ့စံချိန်တင်
Photo - AFP

ဇွန် ၁၀

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆,၀၀၀ ကျော်အထိ ရှိခဲ့ပြီး ကမ္ဘာပေါ်တွင် နေ့အလိုက် လူသေဆုံးမှု အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ဤမတိုင်မီက ယင်းနိုင်ငံ၏ ပြည်နယ်တစ်ခုသည် ယင်း၏ ကိုဗစ်-၁၉ ဆိုင်ရာ ဒေတာအချက်အလက်ဂဏန်းများကို ပြင်ဆင်တိုးမြှင့်ခဲ့ရာ ယင်းအတွက်ကြောင့် အဆိုပါနိုင်ငံ၌ ကိုဗစ်ကြောင့် သေဆုံးသူဦးရေသည် ထုတ်ပြန်ထားသည်များထက် ပိုမိုမြင့်မားနေနိုင်သည် ဆိုသည့် သံသယများကိုလည်း ဖြစ်စေခဲ့သည်။

ကျန်းမာရေး၀န်ကြီးဌာန၏ ကိန်းဂဏန်းများအရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူပေါင်း ၆,၁၄၈ ဦး  ကိုဗစ်ကြောင့် သေဆုံးခဲ့သည်ဟု သိရပြီး ယခုအခါ ယင်းနိုင်ငံတွင် ကိုဗစ်ကြောင့် သေဆုံးသူဦးရေစုစု‌ပေါင်းသည် ၃၆၀,၀၀၀ နီးပါးအထိ ရှိလာခဲ့သလို ယင်းသည် ကမ္ဘာ့တတိယမြောက် အများဆုံးလည်း ဖြစ်သည်။

ယခင်က နေ့အလိုက် သေဆုံးမှု အများဆုံးဖြစ်ခဲ့သည့် စံချိန်မှာ ဖေဖေါ်၀ါရီ ၁၂ ရက်က အမေရိကန်တွင် သေဆုံးသူ ၅,၅၂၇ ဦးဖြစ်ကြောင်း အေအက်ဖ်ပီ၏ အချက်အလက်များအရ သိရသည်။

ဇွန်လ ၉ ရက်က အိန္ဒိယ အရှေ့ပိုင်း ပြည်နယ် ဘီဟာ၏ အာဏာပိုင်များသည် ကိုဗစ်ကြောင့် သေဆုံးမှု မှတ်တမ်းများကို စစ်ဆေးကြည့်ရှုပြီးနောက် ပြည်နယ်တွင်း စုစုပေါင်းသေဆုံးသူဦးရေကို ၄,၀၀၀ ၀န်းကျင်ကနေ ၉,၅၀၀ နီးပါးအထိ တိုးမြှင့်ပြင်ဆင်ခဲ့ကြောင်း တာ၀န်ရှိသူများက ပြောသည်။

ဒေသအစိုးရသည် ကူးစက်မှုနှင့် သေဆုံးမှု အတိုင်းအတာပမာဏကို ဖုံးကွယ်ထားခဲ့သည် ဆိုသည့် စွပ်စွဲချက်များထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါ ကိုဗစ်ဆိုင်ရာ ကိန်းဂဏန်းများကို စာရင်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရေးအတွက် ဘီဟာ တရားရုံးချုပ်က တောင်းဆိုထားခဲ့ကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းသည် ၂၉ သန်းကျော် ရှိနေပြီး သေဆုံးသူဦးရေသည် ၃၅၉,၆၉၅ ဦးခန့် ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly