တရုတ်တွင် ကလေးငယ်များနှင့် ဆယ်ကျော်သက်များအတွက် ဆိုင်နိုဗက် ကာကွယ်ဆေး အရေးပေါ်သုံးခွင့်ပြု

တရုတ်တွင် ကလေးငယ်များနှင့် ဆယ်ကျော်သက်များအတွက် ဆိုင်နိုဗက် ကာကွယ်ဆေး အရေးပေါ်သုံးခွင့်ပြု

တရုတ်အာဏာပိုင်များသည် ဆိုင်နိုဗက် ဘိုင်အိုတက် (Sinovac Biotech) ကုမ္ပဏီ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် သုံးနှစ် နှင့် ၁၇ နှစ်အကြား အသက်အပိုင်းအခြားရှိသူများတွင် အရေးပေါ် အသုံးပြုခွင့် ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌ ယင် ဝေသုန်က ဇွန်လ ၄ ရက်ညနေပိုင်းတွင် နိုင်ငံပိုင်ရုပ်သံကို ပြောခဲ့သည်။

တရုတ်၏ ပြည်သူများကို ကာကွယ်ဆေး ထိုးနှံမှု အားထုတ်မှုသည် လက်ရှိအချိန်တွင် အသက် ၁၈ နှစ်နှင့် ယင်း၏အထက် လူများကိုသာ ပါ၀င်စေရန် လမ်းဖွင့်ပေးထားခဲ့သည်။ တရုတ်၏ ကာကွယ်ဆေးထိုးနှံမှု ကမ်ပိန်းတွင် ဇွန်လ ၃ ရက်အထိ ကာကွယ်ဆေးပုလင်းပေါင်း ၇၂၃ ဒသမ ၅ သန်းအထိ အသုံးပြုထိုးနှံပေးထားပြီး ဖြစ်သည်။

ဆိုင်နိုဗက်၏ ကာကွယ်ဆေးကို ပိုမိုအသက်ငယ်ရွယ်သော လူအုပ်စုများအတွက် မည်သည့်အချိန်တွင် ကမ်းလှမ်းပေးသွားမည်လဲ ဆိုသည်မှာ ကျန်းမာရေးအာဏာပိုင်များဘက်က နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှု မဟာဗျူဟာများနှင့်ပတ်သက်ပြီး ချမှတ်လုပ်ဆောင်မှုအပေါ် မူတည်နေကြောင်း ယင် က နိုင်ငံပိုင်ရုပ်သံတွင် ထုတ်လွှင့်သည့် တိုက်ရိုက်အင်တာဗျူးတစ်ခုတွင် ပြောသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်ပိုင်း ပြင်းထန်လက္ခဏာများ ကြုံရနိုင်ခြေ မြင့်မားသည့် သက်ကြီးများနှင့် ယှဥ်ပါက ဥပဒေအရ အရွယ်မရောက်သေးသူများသည် ကာကွယ်‌ဆေးထိုးနှံမှုပိုင်းတွင် ဦးစားပေးသတ်မှတ်ချက်အဆင့် နိမ့်ကျသည့် နေရာတွင် ရှိနေကြောင်း ယင် က ပြောခဲ့သည်။

ပထမအဆင့် နှင့် ဒုတိယအဆင့် လက်တွေ့စမ်းသပ် သုတေသနပြုမှုမှ ထွက်ပေါ်လာသည့် ပဏာမ ရလဒ်များအရ ကာကွယ်ဆေးသည် အသက် သုံးနှစ်မှ ၁၇ နှစ်အကြား ပါ၀င်စမ်းသပ်ခံသူများတွင်လည်း ကိုယ်ခံအားစနစ် ထွက်ပေါ်စေရန် လှုံ့ဆော်နိုင်သည်ကို တွေ့ရှိခဲ့ပြီး ဓာတ်မတည့်သည့် တုံ့ပြန်မှုအများစုမှာလည်း မပြင်းထန်ဟု သိရသည်။

ဆိုင်နိုဗက် ထုတ်ကုန်ကဲ့သို့ပင် အလားတူ နည်းပညာကို သုံးထားပြီး နှစ်ကြိမ်ထိုးရသည့် အစိုးရကျောထောက်နောက်ခံ ဆေး၀ါးကုမ္ပဏီ ဆိုင်နိုဖမ်းသည်လည်း ပိုမိုအသက်ငယ်ရွယ်သော လူအုပ်စုများအတွက် ခွင့်ပြုမိန့်ရရေးအတွက် ဒေတာအချက်အလက်များကို တင်သွင်းလျက် ရှိသည်။ မတူညီသော နည်းစနစ်တစ်ခုကို သုံးထားသည့် CanSino Biologics ကုမ္ပဏီ၏ ကာကွယ်ဆေးတစ်မျိုးသည်လည်း အသက် ၆ နှစ် နှင့် ၁၇ နှစ်အကြား အသက်အပိုင်းအခြား ရှိသူများ ပါ၀င်သည့် ဒုတိယအဆင့် လက်တွေ့စမ်းသပ်မှုထဲသို့ ရောက်ရှိထားပြီဖြစ်သည်။

ဆိုင်နိုဗက်သည်လည်း ဒုတိယအဆင့် လက်တွေ့စမ်းသပ် သုတေသနပြုမှုတစ်ခုကို ပြီးမြောက်ထားခဲ့ပြီး ယင်းတွင် ပါ၀င်စမ်းသပ်ခံသူများသည် ပုံမှန် ဆေးနှစ်ကြိမ် ထိုးပြီးသည့်နောက် ဆေးရှိန်မပျက်အောင် ဆက်ပေးသည့် တတိယမြောက် ဆေးတစ်လုံးကိုလည်း ထိုးနှံခံထားကြောင်း ယင် က ပြောသည်။

ပါ၀င်စမ်းသပ်ခံသူများသည် တစ်ပတ်အတွင်း ပဋိပစ္စည်းလယ်ဗယ်များတွင် ယခင်လယ်ဗယ်များထက် ၁၀ ဆ တိုးလာသည်ကို တွေ့ရှိခဲ့သလို လ၀က်အတွင်း အဆ ၂၀ တိုးလာသည်ကို တွေ့ရှိခဲ့ကြောင်း ယင် က ပြောသည်။

ဆိုင်နိုဗက်အနေဖြင့် တတိယမြောက် ဆေးတစ်လုံးကို မည်သည့်အချိန်တွင် ထိုးသင့်သလဲ ဆိုသည်နှင့်ပတ်သက်ပြီး အာဏာပိုင်များထံ အကြံပြုချက် မပေးနိုင်သေးခင် ပဋိပစ္စည်း သက်တမ်းနှင့်ပတ်သက်ပြီး ပိုမိုရှည်ကြာသည့် စောင့်ကြည့်မှုတစ်ခုကို ပြီးစီးအောင်လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း ယင် က သတိပေးသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly