တရုတ်အနောက်တောင်ပိုင်းမှာ ခြေဦးတည့်ရာသွားနေတဲ့ တောဆင်ရိုင်းအုပ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ဆက်ရှိနေ

တရုတ်အနောက်တောင်ပိုင်းမှာ ခြေဦးတည့်ရာသွားနေတဲ့ တောဆင်ရိုင်းအုပ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ဆက်ရှိနေ
Photo - AFP

ဇွန် ၈

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ အကောင်ရေ ၁၅ ကောင်အထိ ပါတဲ့ တောဆင်ရိုင်းအုပ်ဟာ ခြေဦးတည့်ရာ လျှောက်သွားနေဆဲဖြစ်ပြီး အဆိုပါ တောဆင်ရိုင်းအုပ်ကြောင့် ဒေသခံ ရွာသူရွာသားတွေကို ထိတ်လန့်စေလျက် ရှိသလို ယင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ကူမင်းမြို့က ဒေသအစိုးရကတော့ အဆိုပါ ဆင်တွေ မြို့ပြဧရိယာတွေဆီ ၀င်မလာနိုင်အောင်လို့ ထရပ်ကားကြီးတွေ သုံးပြီး ဆင်တွေရဲ့ လမ်းကြောင်းကို ပိတ်ဆို့ဖို့ ကြိုးပမ်းထားခဲ့ရာမှာ အောင်မြင်မှုတစ်ချို့ ရထားတယ်လို့ CCTV သတင်းဌာနက ဖော်ပြပါတယ်။

လူဦးရေ သန်းချီ နေထိုင်တဲ့ မြို့ကြီးရဲ့ အစွန်အဖျား နေရာတွေကို ကသောင်းကနင်း ဖြစ်ထားစေခဲ့တဲ့ တောဆင်ရိုင်းအုပ်စုရဲ့ လမ်းကြောင်းကို ပိတ်ဆို့ဖို့ နိုင်ငံအနောက်တောင်ပိုင်းက လမ်းတွေမှာ ထရပ်ကားတွေကို အတန်းရှည်ကြီးတစ်ခုအဖြစ် တန်းစီရပ်ထားခဲ့ကြပါတယ်။

အဆိုပါ ဆင်တွေဟာ ယင်းတို့ရဲ့ သဘာ၀ကျက်စားရာနေရာဖြစ်တဲ့ ယူနန်ပြည်နယ် ရှီရွှာအန်းဘန်နာ အမျိုးသားသဘာ၀ကြိုး၀ိုင်းသစ်တောကနေ မြောက်ဘက်ကို ကီလိုမီတာ ၅၀၀ အထိ လှည့်လည်သွားလာနေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တောဆင်ရိုင်းတွေဟာ ကူမင်းမြို့အနီး ကျေးလက်ဧရိယာတွေထဲ ၀င်ရောက်ဖြတ်သန်းသွားလာမှုတွေ ရှိခဲ့ပါတယ်။

ယခုအခါ အာဏာပိုင်တွေဟာ အဆိုပါ တောဆင်ရိုင်းအုပ်ရဲ့ လှုပ်ရှားမှုတွေကို ဒရုန်းတွေ၊ အနီအောက် ရောင်ခြည်သုံး ကင်မရာတွေနဲ့ စောင့်ကြည့်ဖို့ လူထောင်နဲ့ချီကို ဆော်သြစည်းရုံးထားခဲ့ပါတယ်။

ဧပြီလလယ်နောက်ပိုင်း ဆင်တွေကြောင့် ၅၆ ဟက်တာ၀န်းကျင်ရှိ သီးနှံခင်းတွေ ဖျက်ဆီးခံလိုက်ရသလို ခန့်မှန်းခြေ ဆုံးရှုံးမှုတန်ဖိုး ယွမ် ၆ ဒသမ ၈ သန်း (ဒေါ်လာ ၁ ဒသမ ၀၇ သန်း) အထိ ဖြစ်ပေါ်ထားစေခဲ့တယ်လို့ CCTV သတင်းဌာနက ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly