ဟန်ဂေရီနိုင်ငံ ဘူဒါပတ်မြို့တော်ဝန်က အသစ်တည်ဆောက်မည့် တရုတ်တက္ကသိုလ်အနီး လမ်းများကို ဝီဂါနှင့် ဟောင်ကောင် အမည်များပြောင်းမည်

By New York Post
07 June 2021
ဟန်ဂေရီနိုင်ငံ ဘူဒါပတ်မြို့တော်ဝန်က အသစ်တည်ဆောက်မည့် တရုတ်တက္ကသိုလ်အနီး လမ်းများကို ဝီဂါနှင့် ဟောင်ကောင် အမည်များပြောင်းမည်

လမ်းတစ်လမ်းကို တရုတ်အစိုးရက အန္တရာယ်ရှိသောခွဲထွက်ရေးသမားဟု သတ်မှတ်ထားသည့် ပြည်ပရောက်တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ နာမည်ကို ပေးမည်ဖြစ်သည်။

တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှု၏ သားကောင်ဖြစ်နေသည်ဟု အမေရိကန်နှင့်အခြားနိုင်ငံများက ပြောဆိုနေကြသည့် မွတ်စလင်လူမျိုးစုဖြစ်သော ဝီဂါများအထိမ်းအမှတ်အဖြစ် လမ်းတစ်လမ်းကိုမူ “ဝီဂါအာဇာနည်လမ်း”ဟု အမည်ပေးမည်ဖြစ်ပြီး၊ တတိယလမ်းကို “လွတ်လပ်သော ဟောင်ကောင်လမ်း”ဟု ခေါ်တွင်စေမည်ဖြစ်သည်။ ထောင်ချခံရသည့် တရုတ်ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ အမည်ကိုမူ စတုတ္ထမြောက်လမ်းအတွက် အမည်ပြောင်းမည်ဖြစ်သည်။

တရုတ်က လူ့အခွင့်အရေးဖိနှိပ်မှုမရှိကြောင်း ငြင်းချက်ထုတ်ထားသည်။

နာမည်ပြောင်းထားသောလမ်းများသည် တရုတ်နိုင်ငံက ၂၀၂၄ခုနှစ်တွင် ဖွင့်လှစ်ရန်စီစဉ်ထားသည့် ဖူဒန်တက္ကသိုလ်ဧရိယာ၌ ပေါင်းဆုံကြမည်ဖြစ်ပြီး၊ ယင်းတက္ကသိုလ်တွင် အနုပညာ၊ ဆေးပညာ၊ စီးပွားရေးနှင့်အင်ဂျင်နီယာဘာသာရပ်များတွက် ဘွဲ့လွန်သင်ကြားများပို့ချမည်ဖြစ်ပြီးကာ ကျောင်းသား ၆၀၀၀ နှင့် ဆရာ ၅၀ဝ ခန့်သင်ကြားနိုင်သည်။

“ “ဖူဒန်စီမံကိန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀က ကွန်မြူနစ်ဝါဒကျဆုံးပြီးနောက် ဟန်ဂေရီနိုင်ငံကိုယ်တိုင် ကတိသစ္စာပြုထားတဲ့ တန်ဖိုးတွေနဲ့ ပတ်သက်ပြီး သံသယဖြစ်စေနိုင်ပါတယ်” ဟု လစ်ဘရယ်အတိုက်အခံဖြစ်သူ မြို့တော်ဝန် ဂျာဂျီလေး ကာရက်ဆိုနီက ပြောကြားသည်။ ၎င်းသည် ဟန်ဂေရီ၏ လက်ယာယိမ်းဝန်ကြီးချုပ် ဗစ်ခ်တို အော်ဘန်ကို ၂၀၂၂ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ယူရန် စီစဉ်ထားသည်။

တရားစီရင်ရေးနှင့် မီဒီယာများ၏ လွတ်လပ်ခွင့်ကို တားဆီးမှုကြောင့် ဥရောပမဟာမိတ်များက စိတ်ဆိုး ဒေါသထွက်နေစဉ် လစ်ဘရယ်အတိုက်အခံများက အော်ဘန်သည် တရုတ်၊ ရုရှားနှင့် အခြားအာဏာရှင်ဆန်သည့်အစိုးရများနှင့် ပိုမိုပနံသင့်ကြောင်း စွပ်စွဲခံထားသည်။

ဟန်ဂေရီနိုင်ငံ၏ ဦးဆောင်ပုဂ္ဂလိကတက္ကသိုလ်ဖြစ်သည့် ဗဟိုဥရောပတက္ကသိုလ်သည် ယင်း၏ဂုဏ်သိက္ခာကို ထိခိုက်စေပြီး တည်ထောင်သူ စီးပွားရေးလုပ်ငန်းရှင် ဂျော့ချ်ဆိုးရော့စ်အား ဆန့်ကျင်သည့် လူထုအမုန်းတရားလှုပ်ရှားမှုများပြုလုပ်ခြင်းနှင့် ဥပဒေဆိုင်ရာပြောင်းလဲမှုများကို အော်ဘန်အစိုးရက ပြုလုပ်ပြီးနောက်တွင် ၂၀၁၉ခုနှစ်က အိမ်နီးချင်း သြစတြေးလျနိုင်ငံသို့ ပြောင်းရွှေ့သွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly