ဂျာမနီမှ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် အစီအစဉ်ကို တရုတ်က ဟန့်တားနေဟု ထိုင်ဝမ်အစိုးရ ပြောကြား

ဂျာမနီမှ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် အစီအစဉ်ကို တရုတ်က ဟန့်တားနေဟု ထိုင်ဝမ်အစိုးရ ပြောကြား

ဂျာမနီနိုင်ငံ Firm BioNTech ကုမ္ပဏီမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန် စာချုပ်ချုပ်မည့် အစီအစဉ်ကို တရုတ်က ဟန့်တားနေကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားလိုက်သည်။

“ဂျာမနီဆေးစက်ရုံနဲ့ သဘောတူစာချုပ်ချုပ်ဆိုဖို့ အပြီးသတ်ခါနီးချိန်မှာ တရုတ်က ကြားဝင်စွက်ဖက်တာကြောင့် စာချုပ်လက်မှတ်မထိုးနိုင်သေးပါဘူး”ဟု အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အစည်းအဝေးတွင် ထိုင်ဝမ်သမ္မတဆီအင်ဝမ်းက ပြောကြားသည်။

ထိုင်ဝမ်အနေဖြင့် AstraZeneca ကာကွယ်ဆေးကို ဗြိတိန်မှလည်းကောင်း၊ Moderna ကာကွယ်ဆေးကို အမေရိကန်နိုင်ငံမှ လည်းကောင်း အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ခဲ့သည် BioNTech ဝယ်ယူရာတွင် တရုတ်က ပိတ်ဆို့ခြင်းနှင့် ပတ်သက်၍ ထိုင်ဝမ်က တရုတ်ကို ပထမဆုံးအကြိမ် တိုက်ရိုက်စွပ်စွဲလိုက်ခြင်း ဖြစ်ကြောင်း South China Morning Post သတင်းစာတွင် ဖော်ပြသည်။

လူဦးရေ ၂၄ သန်းရှိသော ထိုင်ဝမ်ကို နယ်မြေပိုင်နက်အဖြစ် တရုတ်က ကြေညာထားသော်လည်း နှစ် ၇၀ ကျော်သည်အထိ သီးခြားအုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်။

ယခုစွပ်စွဲမှုနှင့် ပတ်သက်၍ ဂျာမန်ဆေးကုမ္ပဏီက “ဆေးဝါး ရောင်းချခြင်းနဲ့ ပတ်သက်၍ ၎င်းတို့ ကုမ္ပဏီအနေဖြင့် ဆွေးနွေးဖွယ်ရှိသော၊ ဆွေးနွေးနေသော ကိစ္စရပ်များအပေါ်တွင် ယေဘုယျအားဖြင့် မှတ်ချက်မပေးကြောင်း ပြောကြားသည်။

ရှန်ဟိုင်းအခြေစိုက် Fosun ဆေးဝါးကုမ္ပဏီသည် တရုတ်ပြည်မသို့ mRNA ကာကွယ်ဆေးများ ရောင်းချရန် ယမန်နှစ်က BioNTech နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ဆေးအချို့ကို ထိုင်ဝမ်သို့ ရောင်းချပေးရန် မတ်လအတွင်းက ကမ်းလှမ်းထားသည်။

သဘောတူစာချုပ်အရ Fosun အနေဖြင့် တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့တွင် ကာကွယ်ဆေးများကို ထုတ်လုပ်ရောင်းချနိုင်သည့် သီးခြားအခွင့်အရေးကို ရရှိထားကြောင်း SCMP က ဖော်ပြသည်။

ထိုင်ဝမ်တွင် ကိုဗစ်-၁၉ရောဂါ ပြန်လည်ဖြစ်ပွားနေပြီး မေ ၂ ရက်တွင် နောက်ထပ်ကူးစက်ခံရသူ ၆၃၅ ဦးနှင့် သေဆုံးသူ ၁၁ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly