အိန္ဒိယနှင့် နယ်စပ်တိုက်ပွဲတွင် သေဆုံးမှုများအပေါ် မှတ်ချက်ရေးသားခဲ့သည့် တရုတ်ဘလော့ဂါတစ်ဦးကို တရုတ်က ထောင်ဒဏ် ၈ လ ချမှတ်

By ANI
06 June 2021
အိန္ဒိယနှင့် နယ်စပ်တိုက်ပွဲတွင် သေဆုံးမှုများအပေါ် မှတ်ချက်ရေးသားခဲ့သည့် တရုတ်ဘလော့ဂါတစ်ဦးကို တရုတ်က ထောင်ဒဏ် ၈ လ ချမှတ်

နယ်စပ် ဂယ်ဝမ်တောင်ကြားတွင် အိန္ဒိယတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်တပ်၏ သေဆုံးမှုများနှင့် ပတ်သက်၍ မှတ်ချက်ရေးသားခြင်းအတွက် ယခုနှစ်အစောပိုင်းက ဖမ်းဆီးခံခဲ့ရသည့် နာမည်ကျော် တရုတ်ဘလော့ဂါတစ်ဦးကို အစိုးရက ထောင်ဒဏ် ၈ လ ချမှတ်လိုက်သည်။

ဝင်ရာက်ကြည့်ရှုရန် စာရင်းသွင်းထားသူအရေအတွက် ၂ ဒသမ ၅ သန်းကျော်ရှိသည့် ကျူရှီမင်းကို သူရဲကောင်းများအား အသရေဖျက်မှုဖြင့် ထောင်ဒဏ် ၈ လ ချမှတ်ခံရသောကြောင့် ရာဇဝတ်မှု ဥပဒေအား ပြင်ဆင်ပြီးနောက်ပိုင်း တရုတ်အစိုးရက ယခုအမှုမျိုးကို ပထမဆုံးအကြိမ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း Global Times သတင်းစာက ဖော်ပြသည်။

'Labixiaoqiu' ဟု အွန်လိုင်းတွင် လူသိများသော အဆိုပါ ဘလော့ဂါအနေဖြင့် ၎င်း၏ ရေးသားမှုများနှင့် ပတ်သက်၍ ထင်ရှားသည့် ပြည်တွင်း ဝက်ဘ်ဆိုက်နှင့် နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ၁၀ ရက်အတွင်း ပြန်လည်တောင်းပန်ရန်လည်း တရုတ်နိုင်ငံအရှေ့ပိုင်းကျန်စု ပြည်နယ်ရှိ နန်ယင်းတရားရုံးက အမိန့်ချမှတ်ခဲ့သည်။

Qiu သည် သူကျူးလွန်ခဲ့ခြင်းအတွက် ဝန်ခံပြီး အသနားခံခဲ့ကြောင်းနှင့် ပြစ်မှု ထပ်မံမကျူးလွန်တော့ကြောင်း ကတိပြုခဲ့သောကြောင့် ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ကြောင်း တရားရုံးက ထုတ်ပြန်ခဲ့သည်။

Qiu သည် နိုင်ငံပိုင် CCTV ရုပ်သံမှတစ်ဆင့် သူ၏ မှတ်ချက်များနှင့် ပတ်သက်၍ မတ် ၁ ရက်က ထုတ်ဖော်တောင်းပန်ခဲ့ကြောင်း Global Times သတင်းစာတွင် ဖော်ပြသည်။

“ကိုယ့်ကိုယ်ကို အလွန်ပဲ ရှက်မိပါတယ်။ စိတ်မကောင်းလည်း ဖြစ်ပါတယ်” ဟု အသက် ၃၈ နှစ်အရွယ် Qiu က ပြောခဲ့သည်။

ဟိမဝန္တာဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း မိမိတို့ စစ်သား ၄ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရရခဲ့ကြောင်း တရုတ်အစိုးရက ပထမဆုံးအကြိမ် ဝန်ခံပြီးနောက် Qiu က မှတ်ချက် ရေးသားခဲ့ခြင်းဖြစ်သည်။

အပတ်စဉ်ထုတ် Economic Observer မဂ္ဂဇင်း၏ သတင်းထောက်ဟောင်းဖြစ်သူ Qiu သည် ပို့စ် ၂ ခုတွင် ပစ်ခတ်မှုအတွင်း တပ်မှူးတစ်ဦးသည် ရာထူးကြီးသူဖြစ်သောကြောင့် အသက်ရှင်ခြင်းဖြစ်သည်ဟုလည်းကောင်း၊ တာဝန်ရှိသူများက ထုတ်ပြန်သည့်အရေအတွက်ထက် သေဆုံးသည့် တရုတ်စစ်သားပိုများနိုင်ကြောင်း ရေးသားထားသည်။

အဆိုပါ နယ်စပ်ပစ်ခတ်မှုတွင် တရုတ်စစ်သား ၄၅ ဦး သေဆုံးခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီ TASS က ဖေဖော်ဝါရီလတွင် ဖော်ပြခဲ့သည်။

Qiu ၏ ရေးသားမှုများသည် သူရဲကောင်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးအောင် လုပ်ကြောင်း၊အမျိုးသားရေး စိတ်ဓာတ်ကို နာကျင်အောင် လုပ်ကြောင်းနှင့် မျိုးချစ်နှလုံးသားများကို အဆိပ်သင့်အောင်လုပ်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖေဖော်ဝါရီလတွင် ဖော်ပြခဲ့သည်။

အိန္ဒိယနှင့် တရုတ်တို့အကြား နယ်စပ်တင်းမာမှုသည် လွန်ခဲ့သည့် နှစ်မှစတင်ဖြစ်ပွားခဲ့ပြီး နယ်နမိတ်ထိန်းချုပ်မျဉ်း (LAC) တွင် ယမန်နှစ် ဇွန်လက အခြေအနေ ဆိုးရွားလာပြီးနောက်ပိုင်း ဂယ်ဝမ်တောင်ကြားတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ခဲ့ရာ နှစ်ဖက်စလုံးတွင် သေဆုံးမှုများရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required