စစ်ကောင်စီဖွဲ့စည်းတဲ့ ဂီတအစည်းရုံးကနေ ဂီတအနုပညာရှင်တွေ နှုတ်ထွက်

စစ်ကောင်စီဖွဲ့စည်းတဲ့ ဂီတအစည်းရုံးကနေ ဂီတအနုပညာရှင်တွေ နှုတ်ထွက်

ဇွန် ၄

အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ယာယီအမှုဆောင် အဖွဲ့မှာ မပါဝင်လိုတဲ့အတွက် ရာထူးကနေ နှုတ်ထွက်တဲ့အကြောင်း နာမည်ကြီး ဝါရင့်ဂီတအနုပညာရှင်တွေက အသီးသီးရေးသား ထုတ်ပြန်ထားကြပါတယ်။

စစ်ကောင်စီဖွဲ့စည်းတဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ယာယီအမှုဆောင်အဖွဲ့ရဲ့ စည်းရုံးမှူးတာဝန်ပေးခံရတဲ့ အဆိုညီမင်းခိုင် အပါအဝင် အမှုဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ အဆိုတော် ဝေကြီးနဲ့ မနောတို့ကလည်း အသီးသီးနှုတ်ထွက်ကြောင်း သူ့ရဲ့လူမှုကွန်ရက်က ရေးသားထားကြပါတယ်။

အဲဒီအဖွဲ့ရဲ့ နာယက အဖြစ်ခန့်အပ်ခံထားရတဲ့ ဒေါ်တင်တင်မြနဲ့ ဟင်္သာတမြင့်ငွေတို့ကလည်း လက်ရှိကျန်းမာရေး အခြေအနေကြောင့် ဂီတအစည်းအရုံးရဲ့ နာယကအဖြစ်မပါဝင်လိုဘဲ နှုတ်ထွက်တဲ့အကြောင်း အသိပေးရေးသား ထားတာ တွေ့ရပါတယ်။

ဒါ့အပြင် ဂီတအစည်းအရုံး (ဗဟို) ယာယီအမှုဆောင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ရာထူးပေးထားတဲ့ ဝါရင့်အဆိုတော် ကိုင်ဇာကလည်း ကျန်းမာရေးအခြေအနေအရ အခက်အခဲအမျိုးမျိုးကြောင့် တာဝန်ယူဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာကို ဒီကနေ့ နှုတ်ထွက်စာ ပေးပို့ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ယာယီအမှုဆောင်အဖွဲ့ကို ကာယကံရှင်တွေရဲ့ သဘောဆန္ဒမပါဘဲ အဓ္ဓမဖွဲ့စည်းထားတာဖြစ်တယ်လို့လည်း ဂီတအနုပညာရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဂီတအနုပညာရှင်တွေအများအပြားကို ၅၀၅ (က) နဲ့ စစ်ကောင်စီက အမှုဖွင့် တရားစွဲဆိုထားပြီး ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required