ဦးစားပေးနိုင်ငံတွေဆီ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၈၀ အမေရိကန် ဝေမျှမယ် 

ဦးစားပေးနိုင်ငံတွေဆီ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၈၀ အမေရိကန် ဝေမျှမယ် 
Photo - AFP

ဇွန် ၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကမ္ဘာအနှံ့ဆီ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၈၀ ဝေမျှပေးသွားမယ့် အစီအစဉ်ကို ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။ 

ဒီ ပမာဏဟာဆိုရင် ကုလသမဂ္ဂရဲ့ ကာကွယ်ဆေး အညီအမျှရရှိရေး Covax စီမံချက်ကနေ ဝေမျှပေးထားတဲ့ ကာကွယ်ဆေးရဲ့ ၇၅ ရာခိုင်နှုန်းအထိ ရှိတာလည်း ဖြစ်ပါတယ်။ 

Covax စီမံချက်ကတစ်ဆင့် ကာကွယ်ဆေး မျှဝေပေးသွားရာမှာ လက်တင်အမေရိကနဲ့ ကာရေဘီယံဒေသတွေ၊ တောင်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေကို ဦးစားပေးသွားမှာ ဖြစ်ပြီး ကူးစက်ဖြစ်ပွားမှု လှိုင်းသစ်တွေကို ဟန့်တားရာမှာ အထောက်အကူဖြစ်ဖို့ မျှော်လင့်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ 

“ကျွန်တော်တို့ ဒီ ကာကွယ်ဆေးတွေကို ဝေမျှနေတာဟာ အမေရိကန်အတွက် ပြန်လည်ရယူလိုမှုနဲ့ မဟုတ်ဘဲ ကိုယ်ကျိုးမဖက်ဘဲ ဝေမျှပေးနေတာ ဖြစ်ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ 

“အသက်တွေကို ကယ်တင်ဖို့နဲ့ ကမ္ဘာကြီးမှာ ကပ်ဘေးအဆုံးသတ်ဖို့အတွက် ကျွန်တော်တို့ရဲ့ စံနမူနာတွေ၊ စံနှုန်းတွေရဲ့ အင်အားနဲ့အတူ ကာကွယ်ဆေးတွေ ကျွန်တော်တို့ ဝေမျှပေးနေတာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။ 

အခု လမကုန်ခင်မှာ ကမ္ဘာတစ်လွှားက နိုင်ငံတွေဆီ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၈၀ တင်ပို့သွားမယ်ဆိုတာကို ဂျိုးဘိုင်ဒင်က အစောပိုင်းကတည်းက ကတိကဝတ်ပြုထားတာပါ။ 

လက်ရှိကာလ ရုန်းကန်နေရတဲ့ နိုင်ငံတွေကို မငဲ့ဘဲ အမေရိကန်ဟာ ပြည်တွင်းမှာ ကာကွယ်ဆေး ထိုးနှံပေးမှုကို အကြီးစား လုပ်ဆောင်နေတယ်ဆိုတဲ့ အခြားသော အစိုးရတွေရဲ့ ဖိအားပေးမှုတွေကြားမှာ ဂျိုးဘိုင်ဒင်က ကတိပြုပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ 

“အမေရိကန်တွေအတွက် ကာကွယ်ဆေး လုံလောက်အောင် အောင်မြင်စွာ စီမံထားပြီးတဲ့နောက်မှာ ကျွန်မတို့ဟာ ပိုလျှံတဲ့ ကာကွယ်ဆေးတွေကို စတင်လှူဒါန်းပြီ ဖြစ်ပါတယ်၊ အခြားနိုင်ငံတွေကိုလည်း အလားတူ ဆောင်ရွက်ကြဖို့ အားပေးတိုက်တွန်းပါတယ်၊ သမ္မတက ဇွန်လမကုန်ခင် ကာကွယ်ဆေး သန်း ၈၀ မျှဝေမယ်လို့ ကတိခံထားတယ်၊ ဒါကြောင့် မကြာခင်ပဲ ကာကွယ်ဆေး ၂၅ သန်း စတင် လှူဒါန်းတော့မယ်၊ မြန်မြန်ဆန်ဆန်ပဲ လှူဒါန်းမှာပါ”လို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ယန်းဆာကီက ပြောပါတယ်။ 

“ပထမအသုတ် ကာကွယ်ဆေး ၂၅ သန်း တင်ပို့တော့မှာကို ဆောင်ရွက်နေပြီဖြစ်တယ်”လို့လည်း အိမ်ဖြူတော် ကိုဗစ်-၁၉ တုံ့ပြန်ရေးညှိနှိုင်းရေးမှူး ဂျက်ဖ်ဇီယန့်စ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly