ဒေသခံတောင်သူတွေရဲ့မြေမှာ စစ်ကောင်စီကမိုင်းထောင်မယ်ဆိုတဲ့စာကြောင့် တောင်သူတွေအခက်တွေ့နေ 

ဒေသခံတောင်သူတွေရဲ့မြေမှာ စစ်ကောင်စီကမိုင်းထောင်မယ်ဆိုတဲ့စာကြောင့် တောင်သူတွေအခက်တွေ့နေ 

ဇွန် ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ရှိစစ်တပ်နှင့်ဒေသခံတောင်သူများအကြားအမှုဖြစ်ဆဲမြေနေရာတွင် အကြမ်းဖက်စစ်ကောင်စီမှ မိုင်းထောင်မည်ဆိုသည့်စာထုတ်ထားသည့်အတွက် တောင်သူများအခက်တွေ့နေကြောင်းဒေသခံများထံမှသိရသည်။ 

အဆိုပါဒေသ၏ပြည်‌ထောင်စုလမ်းမကြီးဘေးရှိမြေဧက(၃၀၀)အားတပ်ပိုင်မြေဧရိယာဟုဆိုကာ ယနေ့ဇွန်လ ၃ ရက် နံနက် ၇ နာရီမှစ၍ တိုက်မိုင်း၊နင်းမိုင်း၊ရှေ့ထွက်မိုင်းနှင့်စွန့်လွှတ်မိုင်းများခင်းကာတပ်ဆင်ထားမည်ဖြစ်သောကြောင့် ယင်းနေရာတွင်လက်ရှိစိုက်ပျိုးလျက်ရှိသော‌ ဒေသခံတိုင်းရင်းသားတောင်သူများအပါအ၀င်ယင်းမြို့အတွင်းနေထိုင်ကြသောပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် ရပ်/ကျေးအုပ်ချုပ်ရေးမှုးရုံးမှတဆင့်အကြမ်းဖက်စစ်ကောင်စီမှ စာထုတ်ထားကြောင်း ယင်းမြို့ရှိဒေသခံတစ်ဦးမှ မဇ္ဈိမကိုပြောသည်။

 "တပ်နယ်မှူးရုံးကထွေအုပ်ကိုစာပို့တယ်၊ထွေအုပ်က တဆင့်အနီးအနားက ရပ်ကျေးနဲ့တောင်သူတွေဆီစာပြန်ဖြန့်တယ် မနေ့ကရက်စွဲနဲ့စာကတရား၀င်ထုတ်တာပါ။အဲ့ဒီနေရာကအရင်ထဲကစစ်တပ်ကစိုက်ပျိုးမြေနေရာတွေကိုသိမ်းခဲ့တာရှိတယ်၊အဲ့ဒီကနေအမှုဖြစ်နေတာအခုချိန်ထိအမှုမပြီးသေးဘူးစိုက်ပျိုးနေကြတဲ့နေရာပဲ ။စဉ်းစားစရာကအဲ့ဒီနေရာမှာတိုက်ပွဲလဲမဖြစ်ဘူးရန်သူနယ်မြေထဲ ငါတော့ဗုံးထောင်ထားပါတယ်ဆိုပြီးဆိုင်းဘုတ်ထောင်တာကြေညာတယ်ဆိုတာမျိုးမှမရှိတာ။မြို့နဲ့လဲကပ်ရပ်ကိုပြည်သူ့စည်ပင်သာယာတယ်နိမိတ်ထဲမိုင်းထောင်တယ်ဆိုတာမရှိဘူး။အဲ့ဒီတော့တောင်သူတွေကိုခြောက်လန့်တဲ့သဘောမျိုးလားတော့မသိဘူး"ဟု၎င်းကပြောသည်။ 

ယင်းမြေယာနယ်နိမိတ်အတွင်း လူနှင့်တိရိစ္ဆာန်များဖြတ်သန်းသွားလာခြင်း လုံး၀မပြုလုပ်ရန် တားမြစ်ချက်အားလိုက်နာမှုမရှိဘဲ ဖြတ်သန်းသွားလာပါကထိခိုက်နစ်နာမှုများဖြစ်ပေါ်လာလျှင်၎င်းတို့ဘက်မှအရေးယူဖြေရှင်းဆောင်ရွက်ပေးမည်မဟုတ်ကြောင်း အကြမ်းဖက်စစ်ကောင်စီမှအဆိုပါစာထဲတွင်ကြေညာထားသည်။ ယင်းမြေဧက (၃၀၀) မြေယာသည် လွန်ခဲ့‌သော ၁၉၉၁ ခုနှစ်တွင် အမှတ်(၁)အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ဗျူဟာဆောက်လုပ်ရန်နေရာဟုဆို၍တိုင်းရင်းသားတောင်သူများအားတရားစွဲဆိုခဲ့ရာစစ်တပ်နှင့်တောင်သူများအကြားလက်ရှိအချိန်ထိအငြင်းပွားဖွယ်ရာနေရာတစ်ခုဖြစ်သည်။ 

အမှုဖြစ်နေဆဲကာလတလျှောက် ဒေသခံပအိုဝ့်တောင်သူများမှတစိုက်မတ်မတ်နှစ်စဉ်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။ ထို့ကြောင့် ယမန်နှစ် ၂၀၂၀ ခုနှစ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မြေယာကော်မတီမှ ဆီဆိုင်မြို့နှင့် (၁၉)မိုင်‌ဝေးသည့်ရွာတစ်ရွာသို့ရွှေ့ပြောင်းစိုက်ပျိုးရန်ဖြေရှင်းခဲ့သော်လည်းတောင်သူများမှလက်မခံသောကြောင့် ယခုနှစ်အထိပြဿနာတက်နေသောနေရာတစ်ခုဖြစ်ကြောင်းဒေသခံများထံမှသိရသည်။ လက်ရှိမိုးဦးကျကာလ၌လည်းဒေသခံတိုင်းရင်းသားတောင်သူများမှယင်းမြေယာတွင် ထွန်ယက်စိုက်ပျိုးစားသောက်နေကြသောကြောင့် စစ်ကောင်စီမှတစ်ဖက်လှည့်နှင့်တောင်သူများအားခြောက်လန့်သည့်သဘောမျိုးသက်ရောက်နေကြောင်းဒေသခံအချို့မှ ယခုစာထုတ်သည့်ကိစ္စအပေါ်ယူဆ‌နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly