ပတ်အဆာကျွန်းပတ်ဝန်းကျင်တွင် တရုတ်ရေယာဉ်များ ဆက်လက် နေရာချထားမှုအပေါ် ဖိလစ်ပိုင် ကန့်ကွက်

By ANI
03 June 2021
ပတ်အဆာကျွန်းပတ်ဝန်းကျင်တွင် တရုတ်ရေယာဉ်များ ဆက်လက် နေရာချထားမှုအပေါ် ဖိလစ်ပိုင် ကန့်ကွက်

ပတ်အဆာကျွန်းများအနီးတွင် တရုတ်၏ ရေယာဉ်များ တရားမဝင် ဆက်လက် တည်ရှိမှုနှင့် လှုပ်ရှားမှုများအား ဖိလစ်ပိုင်က မေလ ၂၉ ရက်တွင် ကန့်ကွက်လိုက်သည်။

"မေလ ၂၈ရက်က ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပတ်အဆာကျွန်းများအနီးတွင် တရုတ်ရေယာဉ်များနှင့် ငါးဖမ်းလှေများတရားမဝင် ဆက်တိုက်ဝင်ရောက်မှုများနှင့် အချိန်ကြာမြင့်စွာ နေရာချထားမှုကဲ့သို့သော တရားမ ဝင်လှုပ်ရှားမှုများကို သံတမန်ရေးအရ ကန့်ကွက်မှုများပြုလုပ်ခဲ့ပြီး ယင်းရေယာဉ်များ ပြန်ရုပ်သိမ်းပေးရန် တရုတ်အစိုးရကို တောင်းဆိုခဲ့သည်။ ပတ်အဆာကျွန်းများသည် အချုပ်အခြာအာဏာနှင့် တရားစီရင်ပိုင်ခွင့်ရှိသည့် ဖိလစ်ပိုင်အတွက် အရေးပါသောအစိတ်အပိုင်းဖြစ်သည်" ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသောနေရာများတွင် တရုတ်အစိုးရ၏ ရန်လိုမှုများ ဆက်လက် မြင့်တက်လာနေပြီး တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၊ တရုတ်ပြည်သူ့စစ်သင်္ဘောများနှင့် ရင်ဆိုင်တွေ့ဆုံပြီးနောက်ပိုင်းတွင် ကင်းလှည့်ရေယာဉ်အရေအတွက်ကို ဖိလစ်ပိုင်က သိသိသာသာတိုးမြှင့်လာကြောင်း ဝါရှင်တန်အခြေစိုက် အကြံပေးပညာရှင်များအဖွဲ့က ဆိုသည်။

မတ်လ ၁ ရက်မှမေလ ၂၅ ရက်တွင်း ဖိလစ်ပိုင်ဥပဒေစိုးမိုးရေးတပ်ဖွဲ့ ၁၃ ဖွဲ့ သို့မဟုတ် စစ်သင်္ဘော ၁၃ စင်းသည် စပရက်တလေကျွန်းများနှင့် စကာဘော်ရက်သန္တာကျောက်တန်းအနီးအနားရေပြင်သို့ ကင်းလှည့်မှုပေါင်း ၅၇ ကြိမ်ပြုလုပ်ခဲ့သည်ဟု မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန၏ အာရှရေကြောင်း ပွင့်လင်းမြင်သာရေးဆိုင်ရာ အစီအစဉ်သစ် (AMTI) ဌာနခွဲက ပြောကြောင်း South China Morning Post သတင်းစာတွင် ဖော်ပြခဲ့သည်။

အငြင်းပွားနေသော ရေပိုက်နက်တွင် သင်္ဘော ၃ စင်းက ၇ ကြိမ်လာရောက်ခဲ့သည်ကို ခြေရာခံမိပြီးနောက်တွင် ပြီးခဲ့သည့် ၁၀ လအတွင်း ဖိလစ်ပိုင်က ကင်းလှည့်ယာဉ်များကို ဆက်တိုက်တိုးမြှင့်ခြင်းဖြစ်သည်ဟု သတင်းစာက ဆိုသည်။

မတ်လက တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသောနေရာများတွင် ရာနှင့်ချီသော တရုတ်ရေယာဉ်များ တွေ့ရှိပြီးနောက် ဖိလစ်ပိုင်နှင့် တရုတ်အကြားတင်းမာမှုများ မြင့်တက်ခဲ့သည်။ ဖိလစ်ပိုင် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများက ပြည်သူ့စစ်များ မောင်းနှင်သည့် တရုတ်ရေယာဉ်များက ခြိမ်းခြောက်နေသည်ဟု အခိုင်အမာဆိုခဲ့သည်။

တရုတ်က တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ကြေညာထားရာတွင် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်ဝမ်ပိုင်ဆိုင်သော ရေပိုင်နက်များလည်း ပါဝင်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required