ဘာသာရေးအဆောက်အဦးမှာ စစ်ကောင်စီတပ်နဲ့  BGFတပ်စွဲထား၊  ရွာလုံးကျွတ်ထွက်ပြေးနေရ

ဘာသာရေးအဆောက်အဦးမှာ စစ်ကောင်စီတပ်နဲ့  BGFတပ်စွဲထား၊  ရွာလုံးကျွတ်ထွက်ပြေးနေရ
Photo- (ဒူးပလာယာ) -  ဖလူးလေးကျေးရွာ လူနေအိမ် သို့ကျရောက်ခဲ့သည် လက်နက်ကြီး နှင့် စာသင်ကျောင်းသို့ ထိမှန်ခဲ့သည့် ပုံများ

ဇွန် ၃

ကရင်ပြည်နယ်၊မြဝတီမြို့နယ် ဖလူးလေးကျေးရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့အတူ နယ်ခြားစောင့်တပ်(BGF)တို့ တပ်စွဲထားလို့ ရွာလုံးကျွတ်ထွတ်ပြေးနေရတယ်လို့သိရပါတယ်။ 

မေလ ၂ ရက်မှာလူအင်အား ၅၀ထက်မနည်းပဲ လက်နက်ကြီးတွေနဲ့အတူ တပ်စွဲထားတယ်လို့ နယ်မြေခံ တာဝန်ရှိသူတစ်ဦးက ဒူးပလာယာ ကိုပြောပြချက်အရသိရပါတယ်။ဒူးပလာယာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင်ရဲ့ တရားဝင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်ပါတယ်။ 

Photo- (ဒူးပလာယာ) -  ဖလူးလေးကျေးရွာ လူနေအိမ် သို့ကျရောက်ခဲ့သည် လက်နက်ကြီး နှင့် စာသင်ကျောင်းသို့ ထိမှန်ခဲ့သည့် ပုံများ

ဇွန်လ ၁ ရက်နေ့က အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ ခွဲထွက် (DKBA ) နှင့် ပူးပေါင်းအဖွဲတို့ မြဝတီမြို့နယ် ဖလူးရွာအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။  

တိုက်ပွဲတွေကြောင့်  ဖလူးရွာနဲ့ တစ်မိုင်အကွာခန့်မှာရှိတဲ့ ဖလူးလေး ကျေးရွာရဲ့ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို လက်နက်ကြီးများ ကျရောက်ခဲ့ပြီး ပျက်စီးမှုတွေ ရှိခဲ့ပေမယ် ရွာသားတွေကိုတော့ ထိခိုက်မှု မရှိခဲ့ပါဘူးလို့ ဒူးပလာယာကဖော်ပြထားပါတယ်။ 

တိုက်ပွဲအပြီး ရွာထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာပါ အာဏာသိမ်းအကြမ်းဖက်အဖွဲ့က တပ်စွဲထားတာကြောင့် အိမ်ခြေ ၈၀ကျော်ရှိတဲ့ ဖလူးလေးကျေးရွာမှာနေထိုင်သူတွေက ဇွန်လ ၂ ရက်နေ့ကစပြီး ရွာလုံးကျွတ်  မိမိတို့နေအိမ်တွေကို စွန့်ခွာခဲ့ရပါတယ်။

ဖလူးတိုက်ပွဲကြောင့် ဖလူးကျေးရွာ၊ဖလူးလေးကျေးရွာ၊ရသေ့ဂူကျေးရွာ၊ဝေါလေမြိုင်မြို့ မှာနေထိုင်တဲ့ ဒေသခံတွေက နေရပ်စွန့်ခွာပြီး ထိုင်း ဘက်ကို ၄၀၀ဝန်းကျင်၊ လေ့ကေ့ကော်မြို့သစ်ဘက်ကို၃၀၀ ဝန်းကျင် စစ်ရှောင်နေရတယ်လို့ ဒူးပလာယာ လူမှုကွန်ယက် စာမျက်နှာရဲ့ သတင်းရင်းမြစ်တစ်ခုအရသိရပါတယ်။ 

Photo- (ဒူးပလာယာ) -  ဖလူးလေးကျေးရွာ လူနေအိမ် သို့ကျရောက်ခဲ့သည် လက်နက်ကြီး နှင့် စာသင်ကျောင်းသို့ ထိမှန်ခဲ့သည့် ပုံများ

စစ်ရှောင်တွေထဲမှာ ကလေးသူငယ်တွေနဲ့ နေမကောင်းသူတွေလဲ ပါလာတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့ စစ်ရှောင်တွေကို ကူညီရေးလုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။

မြဝတီမြို့နယ် အတွင်းမှာ ရှိတဲ့ ဖလူး နဲ့ ဝေါလေမြိုင်ဘက်မှ ဇွန်လ ၁ရက်နေ့က စပြီး တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု မှ လက်နက်အင်အား လူအင်အားများ ဖလူးနဲ့ဝေါလေမြိုင်ဘက်မှာ တိုးချဲ့ထားပြီး ထောက်လှန်ဒရုန်းတွေ အသုံးပြုနေတာရှိတယ်လို့ ရှေ့တန်းသတင်းများအရ သိရကြောင်း ဒူးပလာယာက ဖော်ပြထားပါတယ်။

 မနေ့က မေလ ၂ ရက်နေ့မှာလဲ မြဝတီမြို့ တောင်ဘက် ဒေါနအရှေ့ခြမ်း ဖလူးကြီး၊ ဖလူးလေးနဲ့ မင်းလက်ပံကျေးရွာ သုံးထပ်ကွေ့ အနီးတဝိုက် မှာ ဗိုလ်ချုပ်ကျော်သက် (DKBA) ခွဲထွက်အဖွဲ့နဲ့ အတူ PDF လူငယ် စစ်သင်တန်းဆင်းတွေပါဝင်တဲ့ အဖွဲ့ နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး  နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်နမိတ်ထဲကို လက်နက်ကြီးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required