မြန်မာအိုလံပစ်ကော်မတီအား ပိတ်ပင်ရန် IOC ကို မြန်မာ့လက်ရွေးစင်ရေကူးသမား တောင်းဆို

မြန်မာအိုလံပစ်ကော်မတီအား ပိတ်ပင်ရန် IOC ကို မြန်မာ့လက်ရွေးစင်ရေကူးသမား တောင်းဆို

ဇွန် ၁

လာမည့် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ၌ မြန်မာအိုလံပစ်ကော်မတီကို မြန်မာနိုင်ငံကိုယ်စားပြုခြင်းမှ ပိတ်ပင်တားမြစ်ရေးအတွက် လက်ရွေးစင်ရေကူးသမားတစ်ဦးဖြစ်သည့် ကို၀င်းထက်ဦးက နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ထံ တောင်းဆိုလိုက်သည်။

အာဏာသိမ်းစစ်အုပ်စု၏ မြန်မာအိုလံပစ်ကော်မတီကို အသိအမှတ်ပြုခြင်းက အိုလံပစ်တန်ဖိုးများနှင့် ကိုက်ညီမည်မဟုတ်ဟု ၎င်းက ပြောသည်။

“မြန်မာ အိုလံပစ် ကော်မတီက အိုလံပစ် လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်လို့ မရနိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒီကော်မတီက စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်ပြီး ရှိနေတာမို့လို့ပါ” ဟု ကို၀င်းထက်ဦးက ပြောသည်။

အသက် ၂၆ နှစ်ရှိ မြန်မာရေကူးသမား ကို၀င်းထက်ဦးသည် လက်ရှိအချိန်တွင် သြစတြေးလျနိုင်ငံတွင် နေထိုင်လျက်ရှိပြီး မြန်မာအိုလံပစ်ကော်မတီကို ငြင်းပယ်ခြင်းအားဖြင့် ၎င်းအနေဖြင့် တိုကျိုတွင် ပါ၀င်ယှဥ်ပြုင်ခွင့် အခွင့်အလမ်းကို စွန့်လွှတ်ခဲ့ရသည်ဟု ပြီးခဲ့သည့်လ ဖေ့ဘွတ်ခ်ပို့တစ်ခုတွင် ကို၀င်းထက်ဦးက ပြောခဲ့သည်။

၂၀၁၉ ဆီးဂိမ်းတွင် ကို၀င်းထက်ဦးသည် ကမ္ဘာ့ရေကူးအားကစား အာဏာပိုင်အဖွဲ့ FINA က သတ်မှတ်ထားသော အိုလံပစ်အရည်အချင်းပြည့်မီမှု စံနှုန်းများကို ပြည့်မီခဲ့သည်။ ယင်းအတွက်ကြောင့် ၎င်းအနေဖြင့် ၎င်း၏ ပထမဆုံးသော အိုလံပစ်ပြိုင်ပွဲ ၀င်ခွင့်အတွက် အရည်အချင်းပြည့်မီခဲ့ကြောင်း ကို၀င်းထက်ဦးက ပြောသည်။

ရေကူးခြင်းကို အသက် ၆ နှစ်ကတည်းက စတင်ခဲ့သည့် ကို၀င်းထက်ဦးသည် အိုလံပစ်ပြိုင်ပွဲတစ်ခု၌ ကမ္ဘာ့အတော်ဆုံးရေကူးသမားများနှင့် ယှဥ်ပြိုင်ရရေးမှာ ၎င်း၏ အိပ်မက်ဖြစ်ခဲ့သည်။ တိုကျို အိုလံပစ်ပြိုင်ပွဲသည် ၎င်း၏ ထိုအိပ်မက်ကို အကောင်အထည်ဖော်နိုင်တော့မည့် အခွင့်အရေး ဖြစ်ခဲ့သော်လည်း ယခုအခါ ၎င်းအနေဖြင့် အိပ်မက်ကို စွန့်လွှတ်ခဲ့ရပြီဖြစ်သည်။

မြန်မာအိုလံပစ်ကော်မတီ (MOC) ကို အသိအမှတ်မပြုရန်နှင့် မြန်မာအားကစားသမားများကို သီးခြားလွတ်လပ်သည့် အိုလံပစ်အလံအောက်ကနေ ပါ၀င်ခွင့်ပြုရန် ကို၀င်းထက်ဦးက ပြီးခဲ့သည့်မတ်လက IOC ထံ စာရေးသား ပေးပို့တောင်းဆိုခဲ့သည်။

IOC က ယင်းအနေဖြင့် သီးခြားလွတ်လပ်ပြီး ကြားနေမှု စည်းမျဥ်းကို ကျင့်သုံးမည်ဖြစ်ပြီး နိုင်ငံရေး အမြင်သဘောထားတစ်ခု သတ်မှတ်လုပ်ဆောင်မည်မဟုတ်ဟု ၎င်းအား ပြောခဲ့သည်။ “ဒါက နိုင်ငံရေး မဟုတ်ဘူးလို့ ကျွန်တော် အမြဲပြောခဲ့တယ်၊ ဒါက အိုလံပစ် ပဋိညာဥ်စာတမ်းနဲ့ပတ်သက်နေတယ်” ဟု ကို၀င်းထက်ဦးက ပြောခဲ့သည်။

အိုလံပစ် ပဋိညာဥ်က ပြောထားသည်မှာ “အိုလံပစ်ပြိုင်ပွဲ၏ ရည်ရွယ်ချက်သည် လူ့ဂုဏ်သိက္ခာထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သက်ဆိုင်သည့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ခုကို အားပေးခြင်း အမြင်တစ်ခုနှင့်အတူ လူသားတို့၏ သဟဇာတရှိစွာ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ကူရန် အားကစားကို လုပ်ဆောင်ရေး ဖြစ်သည်” ဟု ဆိုထားသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့၀င်များ၏ လူမဆန်သည့် ဖြိုခွင်းမှုများကြောင့် လူပေါင်း ၈၀၀ ခန့် သေဆုံးခဲ့ရပြီး အကြမ်းဖျင်းအားဖြင့် လူ ၄,၀၀၀ ခန့် ဖမ်းဆီးခံထားရသည်။

ကို၀င်းထက်ဦးသည် မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင် ရပ်တည်သည့် တစ်ဦးတည်းသော မြန်မာအားကစားသမားတော့ မဟုတ်ပေ။ ပြီးခဲ့သည့် သောကြာနေ့က ဂျပန်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဥ်တွင် ပါ၀င်ယှဥ်ပြိုင်ရန် ကစားသမား ၁၀ ဦးထက်မနည်းက ငြင်းဆန်ခဲ့သည်ဟု သိရသည်။ ထို့ပြင် ထိုပွဲစဥ်၌ ကွင်းအတွင်း နိုင်ငံတော်သီချင်းဖွင့်နေစဥ် မြန်မာအသင်း၏ အရံဂိုးသမားတစ်ဦးသည် လက်သုံးချောင်ထောင်ပြီး စစ်အုပ်စုဆန့်ကျင်ရေး သင်္ကေတကို ပြသသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly