ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ် နှစ်မျိုးစပ် ဗိုင်းရပ်စ်မျိုးစိတ်သစ် ဗီယက်နမ်မှာ တွေ့ရှိ 

ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ် နှစ်မျိုးစပ် ဗိုင်းရပ်စ်မျိုးစိတ်သစ် ဗီယက်နမ်မှာ တွေ့ရှိ 
Photo - AFP

ဇွန် ၁

ဗြိတိန်နဲ့ အိန္ဒိယနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်တွေ ပေါင်းစပ်ပြီး ပေါက်ဖွားတဲ့ လေနဲ့အတူ အလျင်အမြန် ကူးစက်ပြန့်နှံ့နိုင်တဲ့ ဗိုင်းရပ်စ်မျိုးစိတ်သစ်ကို ဗီယက်နမ်မှာ တွေ့ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက စနေနေ့မှာ အတည်ပြုပါတယ်။ 

ဗီယက်နမ်နိုင်ငံအနေနဲ့ ဟနွိုင်းနဲ့ ဟိုချီမင်းလို မြို့ကြီးတွေနဲ့ စက်မှုဇုန်နယ်မြေတွေအပါအဝင် နိုင်ငံနယ်မြေ ထက်ဝက်ကျော်အနှံ့မှာ ကူးစက်ဖြစ်ပွားမှုသစ်တွေ ပေါ်ပေါက်နေတာကို ရုန်းကန်ဖြေရှင်းနေရတာပဲ ဖြစ်ပါတယ်။ 

“အိန္ဒိယနဲ့ ဗြိတိန်က မျိုးစိတ်တွေ ပေါင်းစပ်ရာက ပေါက်ဖွားလာတဲ့ ဗိုင်းရပ်စ်မျိုးစပ်သစ်ကို ကျွန်တော်တို့ ဖော်ထုတ်တွေ့ရှိပါတယ်”လို့ ကျန်းမာရေးဝန်ကြီး ငုယင်သန်လောင်းက စနေနေ့က ပြုလုပ်တဲ့ ကပ်ဘေးဆိုင်ရာ အစည်းအဝေးတစ်ရပ်မှာ ပြောခဲ့ကြောင်း နိုင်ငံပိုင်သတင်းအရ သိရပါတယ်။ 

“ဒီ မျိုးမူကွဲသစ်ရဲ့ လက္ခဏရပ်တွေဟာ လေထဲမှာ အလျင်အမြန် ကူးစက်ပြန့်နှံနိုင်တာပါပဲ၊ လည်ချောင်းထဲက အရည်တွေမှာ ဗိုင်းရပ်စ် ပေါက်ဖွားနှုန်း ရုတ်ခြည်း မြင့်တက်ပြီး ပတ်လည်ပတ်ဝန်းကျင်ဆီ ကူးစက်ပြန့်နှံ့နိုင်စွမ်းလည်း ပိုမြင့်မားပါတယ်”လို့ သူက ပြောပါတယ်။ 

အခု ဗိုင်းရပ်စ်မျိုးစပ်သစ် ကူးစက်ခံရသူ အရေအတွက်ကိုတော့ အတိအကျ သူက မပြောပေမယ့် ဗီယက်နမ်နိုင်ငံအနေနဲ့ ကမ္ဘာ့ရောဂါပိုးဗီဇမြေပုံမှာ အခု တွေ့ရှိမှုကို မကြာခင် ထည့်သွင်းကြေညာသွားမယ်လို့ ဆိုပါတယ်။ 

လူနာ ၃၂ ဦးဆီက နမူနာတွေကနေ လေးဦးမှာ အခု မျိုးဗီဇသန္ဓေပြောင်း ဗိုင်းရပ်စ်မျိုးစပ်ကို သိပ္ပံပညာရှင်တွေက ထောက်လှမ်းတွေ့ရှိတာဖြစ်တယ်လို့ ဗီယက်နမ် ရောဂါကာကွယ်မှုနှင့် ရောဂါပိုးမွှားဆိုင်ရာ ဗဟိုသိပ္ပံက စနေနေ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

အခု ကျန်းမာရေးဝန်ကြီး ထုတ်ပြန်ချက် မတိုင်ခင် ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ် မူကွဲ ခုနစ်မျိုး တွေ့ရှိထားတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနအရ သိရပါတယ်။ 

ကွန်မြူနစ် ဗီယက်နမ်နိုင်ငံဟာ အကြီးစား ကွာရန်တင်းလုပ်ငန်းစဉ်တွေ၊ ထိတွေ့ဆက်ဆံမှုအပေါ် တင်းကြပ်ကန့်သတ်မှုတွေနဲ့အတူ ကပ်ဘေးကို ထိထိရောက်ရောက် တုံ့ပြန်နိုင်တာအတွက် ယခင်က ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခံခဲ့ရတာပါ။ 

အခု ကူးစက်မှုသစ်တွေကြောင့် အများပြည်သူနဲ့အတူ အစိုးရပါ စိုးရိမ်ပူပန်ကြရပြီး သွားလာလှုပ်ရှားမှုတွေနဲ့ စီးပွားရေးဆောင်ရွက်မှုတွေအပေါ် တင်းကြပ်တဲ့ ကန့်သတ်ချက်တွေ အလျင်အမြန်ပဲ ချမှတ်လာခဲ့ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly