တရုတ်ကို တန်ပြန်ရန်နှင့် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုကို သေချာစေရန် အမေရိကန်က ‘EAGLE Act’ ကို တင်သွင်း

By Zee News
30 May 2021
တရုတ်ကို တန်ပြန်ရန်နှင့် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုကို သေချာစေရန် အမေရိကန်က ‘EAGLE Act’ ကို တင်သွင်း
Photo: EPA

“အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုပိုင်းနှင့် ချိတ်ဆက်ပတ်သက်မှုပိုင်းကို သေချာစေခြင်း” သို့မဟုတ် EAGLE Act ဟု အမည်ပေးထားသည့် ဥပဒေသစ်တစ်ရပ်ကို အမေရိကန်ထိပ်တန်း ကွန်ဂရက်အမတ်တစ်ဦးက အဆိုပြုတင်သွင်းခဲ့သည်။ ယင်း EAGLE Act သည် တရုတ်ကြောင့် ဖြစ်ပေါ်ထားစေခဲ့သည့် မူ၀ါဒဆိုင်ရာ စိန်ခေါ်မှုများကို တန်ပြန်ရန် ရည်ရွယ်သည်။

ထို ဥပဒေမူကြမ်းသည် အမေရိကန် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို မြှင့်တင်အားပေးရန် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် ပြန်လည် ချိတ်ဆက်ပါ၀င်ပတ်သက်ခြင်းအပါအ၀င် အမျိုးမျိုးသော ကိစ္စရပ်များကို အာရုံစိုက်သည်။ ထို့ပြင် ဟောင်ကောင်ရှိ ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူများနှင့် ထိုင်၀မ်အပေါ် အမေရိကန်၏ ထောက်ခံအားပေးမှု တိုးမြှင့်ရေးကိုလည်း ထို ဥပ‌ဒေမူကြမ်းက တောင်းဆိုသည်။

“ဒီ အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုပိုင်းနဲ့ ချိတ်ဆက်ပတ်သက်မှုပိုင်းကို သေချာစေခြင်း ဆိုတဲ့ ဥပဒေကို တင်သွင်းရတဲ့အတွက် ကျွန်တော် တကယ်ပဲ ဂုဏ်ယူရပါတယ်၊ ဒါဟာ အမေရိကန် အင်စတီကျူးရှင်း‌တွေ၊ ပြည်တွင်း ယှဥ်ပြိုင်နိုင်စွမ်းနဲ့ တရုတ်စိန်ခေါ်မှုကို ထိထိရောက်ရောက် တုံ့ပြန်မယ့် အမေရိကန် ပြည်ပ ဒစ်ပလိုမေစီ တို့ကို ပြန်လည် အားကောင်းစေမယ့် ဆန်းသစ်တဲ့ ဥပဒေဖြစ်ပါတယ်” ဟု အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ကွန်ဂရက်အမတ် ဂရီဂိုရီ ဒဗလျူ မိခ်စ်က ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှုကို ထိန်းသိမ်းခြင်းကို ပံ့ပိုးထောက်ပံ့ပြီး အမေရိကန်၏ အကျိုးစီးပွားများကို စောင့်ရှောက်ထားခဲ့သည့် နိုင်ငံတကာစနစ်တစ်ခုကို အားပေးရန် ရည်ရွယ်ချက်ဖြင့် ယခု “EAGLE Act” ကို တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း မိခ်စ်က ပြောသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ စည်းမျဥ်းအခြေပြု စနစ်ကို အောက်ခြေကနေ လှိုက်စားအောင် တိုးမြှင့် ကြိုးပမ်းနေသလို အဲဒီစနစ်ထဲက အမေရိကန်ရဲ့ နေရာကိုပါ တိုးမြှင့် စိန်ခေါ်နေပါတယ်၊ ကျွန်တော်တို့အနေနဲ့ အမေရိကန်ရဲ့ စစ်မှန်တဲ့ စွမ်းအားတွေကို ဖွင့်လှစ်ဖြန့်ကျက်ရမှာဖြစ်သလို တရုတ်တို့ကြောင့် ဖြစ်ပေါ်လာစေတဲ့ တကယ့်စိန်ခေါ်မှုတွေအပေါ် အာရုံစိုက်ရပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယခု အက်ဥပဒေက အင်ဒို-ပစိဖိတ်အပေါ် မြှုပ်နှံရည်စူးသည့် အမေရိကန်နိုင်ငံခြား‌ရေး၀န်ကြီးဌာန၏ ရင်းမြစ်များ တိုးမြှင့်ခြင်းကို ခွင့်ပြုသလို အမေရိကန်၏ ချိတ်ဆက်ပတ်သက်မှုကို မြှင့်တင်မည့် အသေးစိတ် အစီအစဉ်ကို ကိုယ်စားပြုကြောင်း အောက်လွှတ်တော်နိုင်ငံခြားရေးရာ ကော်မတီတစ်ခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။

ထို့ပြင် နှစ်ဦးနှစ်ဖက်နှင့် သုံးဦးသုံးဖလှယ် ချိတ်ဆက်ပတ်သက်မှုအပြင် လေးဦးလေးဖလှယ် ဆွေးနွေးညှိနှိုင်းမှုတို့ကနေတဆင့် ပါတနာများ၊ မဟာမိတ်များနှင့် ချိတ်ဆက်ပတ်သက်မည့် အမေရိကန်၏ ကတိပြုလုပ်ကိုင်မှုကို ယခု အက်ဥပဒေက တွန်းအားပေးသည်။

အလားတူ ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်၊ ကာကွယ်ဆေး ဒစ်ပလိုမေစီ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှု နှင့် ဒစ်ဂျစ်တယ်၊ ဆိုက်ဘာ ပူးပေါင်းဆောင်ရွက်မှုများကနေတဆင့် ကမ္ဘာ့စင်မြင့်ထက်၀ယ် အမေရိကန်၏ မဟာဗျူဟာကျသည့် စီးပွားရေး ယှဉ်ပြိုင်နိုင်မှုကို ယင်းက လှုံ့ဆော်အားပေးသည်။

ထို့ပြင် ယင်းအက်ဥပ‌ဒေသည် ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့များ အကြီးဆုံး ထုတ်လွှတ်သူဖြစ်သည့် တရုတ်ကိုလည်း ရာသီဥတု တိုက်ဖျက်ရေးတွင် အပြုသဘောဆောင်အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်စေရေး သေချာစေရန်အတွက် ရာသီဥတုနှင့်ပတ်သက်ပြီး တာ၀န်ခံခိုင်းမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required