ဘယ်လာရုစ် လေယာဥ်ဖြစ်ရပ်နောက်ပိုင်း လူကာရှန်ကိုနဲ့ ပူတင်တို့ ဇိမ်ခံရွက်လှေနဲ့ အတူလည်ပတ်ခဲ့

ဘယ်လာရုစ် လေယာဥ်ဖြစ်ရပ်နောက်ပိုင်း လူကာရှန်ကိုနဲ့ ပူတင်တို့ ဇိမ်ခံရွက်လှေနဲ့ အတူလည်ပတ်ခဲ့
Photo - AFP

‌မေ ၃၀

အတိုက်အခံသတင်းထောက်ကို ဖမ်းဆီးဖို့ ဘယ်လာရုစ်အာဏာပိုင်တွေက ဥရောပလေယာဉ်တစ်စင်းကို လမ်းကြောင်းပြောင်းဆင်းသက်စေခဲ့တဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဘယ်လာရုစ်အာဏာရှင် အလက်ဇန္ဒား လူကာရှန်ကိုတို့ဟာ မေလ ၂၉ ရက်က ရွက်လှေခရီးစဥ်တစ်ခုမှာ အတူစီးနင်းသွားလာခဲ့ကြပါတယ်။

ဒါဟာ လေယာဥ်ဖြစ်ရပ်နောက်ပိုင်း အနီးကပ် မဟာမိတ်နှစ်ဦးအကြား ဒုတိယမြောက်နေ့အဖြစ် တွေ့ဆုံတာဖြစ်ပြီး နှစ်ဦးအကြား အလွတ်သဘော ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

“မနေ့တုန်းကတော့ တရား၀င် တွေ့ဆုံဆွေးနွေးခဲ့တာပေါ့၊ ဒီနေ့ကျတော့ အလွတ်သဘော‌ တွေ့ဆုံတာပါ” လို့ ရုရှားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။

ရာသီဥတု ကောင်းမွန်နေတာကြောင့် ပူတင်နဲ့ လူကာရှန်ကို တို့ဟာ ရွက်လှေစီးခရီးစဥ်တစ်ခုကို အတူထွက်ခဲ့ကြတာဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောပါတယ်။

မေလ ၂၉ ရက် နှစ်ဦးသား တွေ့ဆုံမှုမှာတော့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်ပြီး အဓိကထားဆွေးနွေးခဲ့တယ်လို့လည်း ပက်စ်ကော့ဗ်က ပြောပါတယ်။

ဒါ့ပေမယ့် အတိုက်အခံ ဂျာနယ်လစ် ရိုမန် ပရိုတေ့စ်ဗစ်ချ် နဲ့ ၎င်းရဲ့ ရုရှားလူမျိုး ချစ်သူမိန်းကလေးကို ဖမ်းဆီးဖို့ ဘယ်လာရုစ်အာဏာပိုင်တွေက စစ်တပ်လေယာဥ်တစ်စင်းကို စေလွှတ်ပြီး ရိုင်ယန်အဲ လေကြောင်းလိုင်း လေယာဥ်တစ်စင်းကို လမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့တဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့လည်း နှစ်ဦးအကြား ဆွေးနွေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ရိုင်ယန်အဲ လေယာဥ်ပေါ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို လူကာရှန်ကိုက ပူတင်ကို ပြောပြခဲ့ပါတယ်” လို့ ပက်စ်ကော့ဗ်က ပြောပါတယ်။

ထိန်းသိမ်းခံ ဂျာနယ်လစ်နဲ့ တွဲခုတ်နေတဲ့ မိန်းကလေးဖြစ်တဲ့ ရုရှားနိုင်ငံသူ ဆိုဖီယာ ဆေ့ဂါ ရဲ့ ကံကြမ္မာနဲ့ပတ်သက်လို့လည်း မော်စကိုဘက်က စိတ်မ၀င်စားဘူးလို့လည်း ၎င်းက ပြောသွားခဲ့ပါတယ်။

လေယာဥ်ဖြစ်ရပ်နောက်ပိုင်း ဘယ်လာရုစ်အာဏာပိုင်တွေအပေါ် ပစ်မှတ်ထား အရေးယူမယ်လို့ အမေရိကန်က ကြေညာခဲ့သလို ဥရောပကော်မရှင်ကလည်း အီးယူအခြေစိုက် လေကြောင်းလိုင်းတွေ ဘယ်လာရုစ် လေပိုက်နက်ကို ရှောင်ဖို့ တိုက်တွန်းခဲ့ကာ ဘယ်လာရုစ်အပေါ် အရေးယူမှုတွေ ချမှတ်မယ်လို့ ကတိပေးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required