CDM အုပ်ချုပ်ရေးမှူးကိုအကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီး

CDM အုပ်ချုပ်ရေးမှူးကိုအကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီး

မေ ၂၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ နေရင်းကျေးရွာက CDM ပြုလုပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ကိုရဲမင်းဇော် ကိုအကြမ်းဖက်စစ်ကောင်စီက ဒီကနေ့မေလ ၂၉ ရက်နေ့လည်ပိုင်းမှာ လာရောက်ဖမ်းဆီး ခဲ့ပါတယ်။ စစ်ကားသုံးစီးနဲ့ အတူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပြည်ခိုင်ဖြိုးပါတီဝင် ဇော်ဌေးနိုင်က သတင်းပေးပြီး ဖမ်းဆီးစေခဲ့တာလို့ ဒေသခံကဆိုပါတယ်။ 

"ကိုရဲမင်းဇော်ကို ရွာထဲက လူတွေကလဲ လေးစားကြတယ်၊ အဲ့တော့ အကြမ်းဖက်စစ်ကောင်စီခန့်တဲ့ အုပ်ချုပ်ရေးမှူး ကြံ့ခိုင်ရေးပါတီကလူက သူ့ကို ဘယ်သူမှအရေးမစိုက်တော့ မနာလိုဖြစ်ပြီး စစ်ကောင်စီဘက်ကို သတင်းပေးပြီး ဖမ်းခိုင်းတာဗျ၊ လာဖမ်းတုန်းကလဲ သူတို့ပါတယ်၊ ကြံ့ခိုင်ရေးပါတီကလူတွေသူ့အိမ်ကိုလာပြတာ၊ ပြီးတော့စစ်ကားသုံးစီးနဲ့လာဖမ်းတာ "လို့ ဒေသခံကပြောပါတယ်။   

အသက်၄၀ အရွယ် ကိုရဲမင်းဇော်ဟာ အရပ်သားအစိုးရလက်ထက်မှာ နေရင်းရွာရဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး အားဏာသိမ်းပြီးနောက်ပိုင်းမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ခဲ့တာပါ။သူ့အုပ်ချုပ်ရေးမှူးလုပ်သက်ဟာ ငါးနှစ်ရှိပြီး ကျေးရွာမှာ ဦးဆောင်မှုကောင်းတဲ့အတွက် ကျေးရွာသားတွေက လေးစားကြတဲ့သူတစ်ဦးလို့ ဒေသခံကပြောပြပါတယ်။  ကိုရဲမင်းဇော်ဟာ အမျိုးသမီးနဲ့ သမီးနှစ်ယောက်ရှိတဲ့ အိမ်ထောင်သည်တစ်ဦးလို့ သိရပါတယ်။ လက်ရှိအချိန်မှာ ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးတဲ့ အတွက် မိသားစုတွေအနေနဲ့ စိတ်ပူနေကြောင်း ဒေသခံက ပြောပြပါတယ်။ ခုလိုမျိုးဖမ်းဆီးခံခဲ့ရတာဟာ ရေစကြိုမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးအဖမ်းခံရမှု ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly