တရုတ်နှင့် ပြိုင်ဆိုင်နေရစဉ် အမေရိကန်ဥပဒေပြုအမတ်များက ရေတပ်သင်္ဘောကျင်းများ အဆင့်မြှင့်တင်ရေး အဆိုပြု

By The Singapore Post
27 May 2021
တရုတ်နှင့် ပြိုင်ဆိုင်နေရစဉ် အမေရိကန်ဥပဒေပြုအမတ်များက ရေတပ်သင်္ဘောကျင်းများ အဆင့်မြှင့်တင်ရေး အဆိုပြု

တရုတ်နှင့်အကြား ပိုမိုကြီးမားသော ပါ၀ါအားပြိုင်မှုအတွက် အသင့်ပြင်ရန် ကြိုးပမ်းမှုအဖြစ် အမေရိကန်၏ ခေတ်မမီတော့သည့် ရေတပ်သင်္ဘောကျင်းများအတွက် ကန်ဒေါ်လာ ၂၅ ဘီလီယံ အသုံးပြုပြီး အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ရေးကို နိုင်ငံရေးပါတီနှစ်ရပ်စလုံး ပါ၀င်သည့် အမေရိကန်ဥပဒေပြုအမတ် အုပ်စုတစ်စုက အဆိုပြုထားသည်။

ပေကျင်းက ယင်း၏ ကိုယ်ပိုင်သင်္ဘောများကို တည်ဆောက်နေသည့် အရှိန်နှုန်းထားကို တွက်ဆကြည့်ရှုလျက်ဖြင့် လက်ရှိအချိန်တွင် အမေရိကန် ကာကွယ်ရေးအသိုင်းအဝိုင်းအကြား ရေယာဉ်သင်္ဘောများ ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ပြည့်စုံလုံလောက်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ တိုးနေလျက် ရှိကြောင်း Nikkei Asia က ဖော်ပြသည်။

ကွန်ဂရက်သို့ တင်သွင်းသည့် ဥပဒေမူကြမ်းကို SHIPYARD Act ဟု အမည်ပေးထားပြီး ယင်း၏ အရှည်အဓိပ္ပါယ်မှာ အမေရိကန်၏ ဆိပ်ကမ်းများ၊ သင်္ဘောကျင်းများ နှင့် ပြုပြင်ထိန်းသိမ်းရေး လွန်းကျင်းများဆိုင်ရာ အခြေခံအဆောက်အအုံအတွက် အကူအညီ ဖြည့်သွင်းထောက်ပံ့ခြင်း အက်ဥပဒေ ၂၀၂၁ ဖြစ်သည်။

ထို အဆိုပြုချက်တွင် လျာထားငွေ ကန်ဒေါ်လာ ၂၅ ဘီလီယံ သတ်မှတ်ထားရှိရေးကိုလည်း တောင်းဆိုထားသည်။ ကန်ဒေါ်လာ ၂၁ ဘီလီယံကို အစိုးရသင်္ဘောကျင်း လေးခုအတွက် အသုံးပြုသွားရန် ဖြစ်ပြီး ကျန် ဒေါ်လာ ၄ ဘီလီယံကို ရေတပ်က အသုံးပြုနေသည့် ပုဂ္ဂလိက သင်္ဘောကျင်းများအတွက် အသုံးပြုသွားရန် ဖြစ်သည်။

SHIPYARD Act သည် အဆင့်မြှင့်တင်မှုများကို အရှိန်မြန်ဆန်စေရေးအတွက် ရေတပ်ထံ ငွေပေးချေမှုကို တစ်ကြိမ်တည်းဖြင့် တလုံးတခဲတည်း ပေးရန်ကိုလည်း အဆိုပြုသည်။ ယခင် အစီအစဥ်တစ်ခုထဲတွင် သင်္ဘောကျင်းများ အသစ်ပြုပြင်ရန် ဒေါ်လာ ၂၁ ဘီလီယံ အသုံးစရိတ်တစ်ရပ် ထည့်သွင်း ပါ၀င်ထားသည်။

“ကျွန်တော်တို့ရဲ့ ရေဖောက်ထုတ်ထားတဲ့ သင်္ဘောလွန်းကျင်းတွေဟာ နှစ်ရာချီ ရှိနေပါပြီ၊ ပျမ်းမျှသက်တမ်းအားဖြင့် နှစ်သက်တမ်း တစ်ရာလောက် ရှိနေပါပြီ၊ ကျွန်တော်တို့ရဲ့

အစိုးရသင်္ဘောကျင်းလေးခုမှာ ရေဖောက်ထုတ်ထားတဲ့ သင်္ဘောလွန်းကျင်း ၂၁ ခု ရှိပါတယ်” ဟု အမေရိကန် ရေတပ် စစ်ဆင်ရေးအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ကယ် ဂီလ်ဒေးက ပြောသည်။ မိုက်ကယ် ဂီလ်ဒေးသည် မျိုးဆက်သစ် ကိုလံဘီယာအတန်းအစား ပဲ့ထိန်းဒုံးတပ် ရေငုပ်သင်္ဘောများအတွက် ပြင်ဆင်ခြင်း၊ ခေတ်မမီတော့သည့် သင်္ဘောကျင်းများကို အဆင့်မြှင့်တင်ခြင်း၊ မဟာဗျူဟာကျစွာဖြင့် စစ်တပ်အမှုထမ်းများ၊ ပစ္စည်းများကို သင်္ဘောဖြင့် သယ်ယူပို့ဆောင်ခြင်းကို အဆင့်မြှင့်တင်ခြင်းတို့ကို ၎င်း၏ အဓိကဦးစားပေးကိစ္စသုံးခုအဖြစ် ချမှတ်ထားသည်။

“ကျွန်တော်တို့ဟာ သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ဆောင်နေပါတယ်၊ ဒါတွေဟာ ဒီသင်္ဘောကျင်းတွေမှာ ရာစုနှစ်တစ်စုမှာ တစ်ကြိမ်ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်၊ အနည်းဆုံးတော့ ကျွန်တော် ရေတပ်စစ်ဆင်ရေး အကြီးအကဲအဖြစ် ရှိနေချိန်မှာ ဒီရင်းနှီးမြှုပ်နှံမှုတွေအတွက် ကြိုးပမ်းမှာဖြစ်ပါတယ် ၊ ဒါဟာ ဦးစားပေးကိစ္စတစ်ခုဖြစ်ရပါမယ်” ဟု ဂီလ်ဒေးက ပြောခဲ့သည်။

ရေဖောက်ထုတ်ထားသည့် သင်္ဘောလွန်းကျင်းများသည် လေယာဥ်တင်သင်္ဘောများ၊ ပဲ့ထိန်းဒုံးတပ်ရေငုပ်သင်္ဘောများ၊ ခရုစ်ဒုံးတပ်ရေငုပ်သင်္ဘောများနှင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများကို ပြုပြင်ထိန်းသိမ်းရန် အသုံးပြုနေကြောင်း Nikkei Asia ၏ ဖော်ပြချက်အရ သိရသည်။

သို့သော် အမျိုးသား အခွန်ထမ်းသမဂ္ဂ၏ ဖက်ဒရယ် မူ၀ါဒဆိုင်ရာ ညွှန်ကြားရေးမှူး အန်ဒရူး လော့တ်ဇ်က အဆိုပါ SHIPYARD Act ကို ဝေဖန်ခဲ့ပြီး ယင်းသည် မည်သည့်ပြဿနာပဲဖြစ်ဖြစ် ကွန်ဂရက်၏ ဖြစ်ရိုးဖြစ်စဥ် ဖြေရှင်းမှုတစ်ခုဖြစ်သည့် အမှန်တကယ် မြန်ဆန်လွန်းသည့် အရှိန်နှုန်းတစ်ခုဖြင့် ပိုက်ဆံအများကြီးကို သုံးစွဲပစ်ခြင်း” ဟု ဝေဖန်ခဲ့သည်။

တရုတ်၏ စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်နေမှုများနှင့်ပတ်သက်ပြီး ကွန်ဂရက်သို့ တင်ပြသည့် ပင်တဂွန်၏ နှစ်ပတ်လည် အစီရင်ခံစာအရ တရုတ်သည် ကမ္ဘာပေါ်တွင် သင်္ဘောတည်ဆောက်ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံဖြစ်နေပြီး ပေကျင်းသည် ယင်း၏ သင်္ဘောတည်ဆောက်နိုင်စွမ်းနှင့် ရေတပ်အတန်းအစား ပေါင်းစုံအတွက် လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်နေသည်ဟု ပြောထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly