ဆွေးနွေးပွဲတွင် သဘောကွဲလွဲရာမှ အချင်းချင်း ပစ်ခတ်ကြ၍ တာလီဘန်ခေါင်းဆောင် ဒဏ်ရာရရှိခဲ့ဟုဆို

ဆွေးနွေးပွဲတွင် သဘောကွဲလွဲရာမှ အချင်းချင်း ပစ်ခတ်ကြ၍ တာလီဘန်ခေါင်းဆောင် ဒဏ်ရာရရှိခဲ့ဟုဆို

ပက်ရှဝါ၊ ဒီဇင်ဘာ - ၃ ။           ။ ပါကစ္စတန်နိုင်ငံတွင် အစ္စလာမ်လှုပ်ရှားမှု၏ အကြီးတန်းအဖွဲ့ဝင်များကြား သေနတ်တိုက်ပွဲဖြစ်ပွားရာ တာလီဘန်ခေါင်းဆောင် မူလာ အက်ခတာ မန်ဆောမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ဟု တာလီဘန်သတင်းရင်းမြစ်များက ဒီဇင်ဘာ ၂ရက်နေ့တွင် ပြောကြားခဲ့သော်လည်း အုပ်စု၏ အဓိက ပြောခွင့်ရပုဂ္ဂိုလ်ကမူ အခြေအမြစ်မရှိသော သတင်းများ သာဖြစ်သည်ဟု ငြင်းပယ်ခဲ့သည်။

သို့လောသို့လောသတင်းများက လှုပ်ရှားမှုတည်ထောင်ူ မူလာ မိုဟမ္မက် အိုမာ ကွယ်လွန်ပြီးနောက်ပိုင်း နဂိုကတည်းက ထင်သာမြင်သာမရှိသည့် တာလီဘန် ခေါင်းဆောင်ပိုင်း အခြေအနေကို ပိုမိုရှုပ်ထွေးနက်ရှိုင်းသွားစေခဲ့ပြီး တန့်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြည်လည်စတင်နိုင်မည့် အလားအလာများမှာလည်း မသေချာမရေရာ ဖြစ်သွားခဲ့ရသည်။

တာလီဘန်တပ်မှူးနှစ်ဦး၏ ပြောကြားချက်အရ ၎င်း၏ လုပ်ပိုင်ခွင့်အာဏာနှင့် ပတ်သက်၍ ပြိုင်ဘက်ဂိုဏ်းများနှင့် အငြင်းပွားနေသည့် မန်ဆောမှာ ပါကစ္စတန်အနောက်ပိုင်း ကွက်တာအပြင်ဘက်ရှိ မူလာအဗ္ဗဒူလာ ဆာဟာဒီဟုခေါ်သည့် အကြီးတန်း တာလီဘန်ခေါင်းဆောင်တစ်ယောက်၏ နေအိမ်တွင် မဟာဗျူဟာပြဿနာများအပေါ် အချင်းများရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

‘ဆွေးနွေးပွဲမျာ အကြီးတန်းပုဂ္ဂိုလ်တွေ သဘောထားကွဲလွဲကြပြီး တစ်ယောက်ကိုတစ်ယောက် ပစ်ခတ်ကြတယ်’ဟု တပ်မှူးတစ်ဦးက ပြောကြားခဲ့သည်။

အကြီးတန်းတာလီဘန်အဖွဲ့ဝင် ၅ယောက် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး မူလာ မန်ဆောအပါအဝင် တစ်ဒါဇင်ကျော်မှာ ပြင်းထန်သော သေနတ်ဒဏ်ရာများ ရရှိသွားခဲ့ကြသည်ဟု ဆိုသည်။ မန်ဆောမှာ အေကေ-၄၇ရိုင်ဖယ်ဖြင့် လေးချက်အပစ်ခံရသောကြောင့် ပုဂ္ဂလိကဆေးရုံတစ်ခုတွင် တက်ရောက်ကုသနေရသည်ဟု တာလီဘန်တပ်မှူးက ပြောကြားခဲ့သည်။

သို့ရာတွင် တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟောလာ မူဂျာဟစ်ကမူ ထိုကဲ့သို့သောဖြစ်ရပ်မျိုး လုံးဝဖြစ်ပွားခဲ့ခြင်းမရှိကြောင်းငြင်းပယ်ပြီး မန်ဆောမှာလည်း အာဖဂန်နစ္စတန်တွင် ရှိနေသည်ဟု ပြောကြား သည်။

‘ဒါက အခြေအမြစ်မရှိတဲ့ ကောလဟာဠပါ။ အက်ခတာ မိုဟမ္မတ် မန်ဆောဟာ လုံးဝကောင်းမွန်နေပြီး သူဘာမှမဖြစ်ပါဘူး’’ဟု ၎င်းက ရိုက်တာသို့ ပြောကြားခဲ့သည်။

‘ဒါက အာဖဂန် ထောက်လှမ်းရေးတွေရဲ့ လုပ်ရပ်ပါ။ တာလီဘန်ခေါင်းဆောင်တွေအချင်းချင်း ချကြတယ်ဆိုတဲ့ ကောလဟာဠတွေကို သူတို့ ဖြန့်လေ့ရျိတယ်။ ဒီနယ်ပယ်အတွင်းမှာတော့ အဲဒီလိုအဖြစ်မျိုး မဖြစ်ခဲ့ပါဘူး’’ဟု ၎င်းက ပြောကြားခဲ့သည်။

ဇူလိုင်လက မူလာ အိုမာမှာ နှစ်နှစ်အလွန်ကတည်းက အမှန်တကယ် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုပြီးကတည်းက တာလီဘန်မှာ ပြင်းထန်သော အတွင်းအကွဲအပြဲများနှင့် ရင်ဆိုင်လာခဲ့ရ သည်။

မူလာအိုမာ၏ ကာလရှည်လက်ထောက်တစ်ဦးဖြစ်ခဲ့သည့် မန်ဆောကို ခေါင်းဆောင်အဖြစ် ချက်ချင်း ခန့်အပ်ခဲ့သော်လည်း အစ္စလာမ်အုပ်စု၏ ဂိုဏ်းအချို့က မန်ဆောမှာ အိုမာသေဆုံးမှုကို ဖုံးကွယ်ထား ခဲ့ပြီး ၎င်းအား ခေါင်းဆောင်အဖြစ်ခန့်အပ်ရေးကိုလည်း ပါကစ္စတန်က ခြယ်လှယ်နေသည်ဟု စွပ်စွဲကာ မန်ဆော၏ လုပ်ပိုင်ခွင့်အာဏာကို ငြင်းပယ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly