ကိုဗစ်အကျပ်အတည်း ဖြစ်နေပေမယ့် အိန္ဒိယတောင်သူတွေ စိုက်ပျိုးရေးဥပဒေတွေကို ဆက်လက် ဆန့်ကျင်ဆန္ဒပြနေ

ကိုဗစ်အကျပ်အတည်း ဖြစ်နေပေမယ့် အိန္ဒိယတောင်သူတွေ စိုက်ပျိုးရေးဥပဒေတွေကို ဆက်လက် ဆန့်ကျင်ဆန္ဒပြနေ
Photo - AFP

မေ ၂၇

အိန္ဒိယနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုင်ရာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်နေတဲ့ တောင်သူတွေဟာ လက်ရှိကာလ ကိုဗစ်-၁၉ အကျပ်အတည်း ဖြစ်နေတဲ့ကြားမှာပဲ ၎င်းတို့ရဲ့ ဆန္ဒပြမှုတွေကို ဆက်လုပ်နေကြပါတယ်။

မေလ ၂၆ ရက်မှာ နှာခေါင်းစည်း တပ်မထားတဲ့ အိန္ဒိယတောင်သူတွေဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ၀န်ကြီးချုပ် နာရင်ဒြာ မိုဒီရဲ့ ပုံစံရုပ်တစ်ခုကို မီးရှို့ခဲ့ကြပါတယ်။

နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းတစ်ခုနဲ့ ရင်ဆိုင်နေရချိန် လူစုဝေးမှုတွေ ဖျက်သိမ်းကြဖို့ ဖက်ဒရယ် အစိုးရဘက်က ပန်ကြားမှုတွေ ရှိနေပေမယ့် အိန္ဒိယတောင်သူတွေကတော့ ဆန္ဒထုတ်ဖော်မှုတွေ လုပ်နေဆဲဖြစ်ပါတယ်။

“ကျွန်မတို့ဟာ ပြီးခဲ့တဲ့ ခြောက်လတာလုံး ဒီ လှုပ်ရှားမှုမှာ ဆက်တိုက်ပါ၀င်ခဲ့ကြပါတယ်၊ ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်အားလုံးဟာလည်း ဒီမှာပဲ ရှိနေကြပြီး ဒီလှုပ်ရှားမှုမှာ ဆက်လက် ပါ၀င်နေကြပါတယ်၊ ကျွန်မတို့ ဘာကြောင့် ဒီလှုပ်ရှားမှုမှာ ပါ၀င်နေရသလဲ ဆိုတာကို ရှင်တို့ သိရလိမ့်မယ်၊ ကျွန်မတို့ဟာ အစိုးရရဲ့ မကောင်းတဲ့ ဥပဒေတွေကို ဆန့်ကျင်ဆန္ဒပြနေကြတာဖြစ်ပါတယ်၊ ပြီးတော့ ကျွန်မတို့ သိတာ တစ်ခုတည်းပဲ ရှိတယ်၊ ဒါကတော့ အစိုးရဘက်က ဒီဥပဒေတွေကို ပြန်မရုပ်မချင်း ကျွန်မတို့ ဆက်လက်တိုက်ပွဲ၀င်သွားမယ် ဆိုတာပါပဲ၊ အစိုးရဘက်က ကျွန်မတို့ရဲ့ စိတ်ရှည်မှုကို စမ်းသပ်ခဲ့ပါတယ်၊ တောင်သူတွေဟာ ဒီမှာပဲ စိတ်ရှည်ရှည်နဲ့ ထိုင်နေကြပါတယ်၊ သူတို့ဟာ အအေးဒဏ်၊ မိုးဒဏ်၊ လေမုန်တိုင်းဒဏ်တွေကို ကြံ့ကြံ့ခံထားခဲ့ကြသလို ခု အပူဒဏ်ကိုလည်း ကြံ့ကြံ့ခံရင်း ရှိနေကြပါတယ်” လို့ အမည်မဖော်လိုသူ ဆန္ဒပြအမျိုးသမီးတစ်ဦးက ပြောသွားခဲ့ပါတယ်။

အိန္ဒိယမှာတော့ လက်ရှိကာလမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေ မြင့်တက်နေပြီး ယင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းဟာ ၂၇ သန်းကျော်နဲ့ သေဆုံးသူ သုံးသိန်းကျော် ရှိနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required