အားပြင်းဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယဆီ ဦးတည်လာနေတာကြောင့် လူ ၂ သန်းနီးပါး ဘေးလွတ်ရာရွှေ့ပြောင်း 

အားပြင်းဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယဆီ ဦးတည်လာနေတာကြောင့် လူ ၂ သန်းနီးပါး ဘေးလွတ်ရာရွှေ့ပြောင်း 
Photo - AFP

မေ ၂၆

အိန္ဒိယနိုင်ငံရဲ့ အနောက်ဖက်ကမ်းရိုးတန်းမှာ လူပေါင်း ၁၅၅ ဦး သေဆုံးခဲ့ရတဲ့ အားပြင်းမုန်တိုင်း တိုက်ခတ်ပြီး သီတင်းပတ် တစ်ပတ်လောက်မှာပဲ နောက်ထပ် အားပြင်း ဆိုင်ကလုန်းမုန်တိုင်းဟာ နိုင်ငံအရှေ့ဖက်ခြမ်းဆီ ဦးတည်လာနေတာကြောင့် အင်္ဂါနေ့မှာ ပြည်သူနှစ်သန်းနီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းကြရပါတယ်။ 

ဘင်္ဂလားပင်လယ်အော်အတွင်းက ယာ့စ်ဆိုင်ကလုန်းမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းလောက်မှာ အနောက်ဘန်ဂေါနဲ့ ဩရိဿပြည်နယ်တွေဆီ ဝင်ရောက်တိုက်ခိုက်နိုင်တယ်လို့ အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထားပြီး မုန်တိုင်းကြောင့် လေတိုက်နှုန်း တစ်နာရီ ၁၆၅ ကီလိုမီတာ( မိုင် ၁၀၀ ) အထိ တိုက်ခတ်မယ်လို့ ပြောပါတယ်။ 

သမုဒ္ဒရာရေပြင် ပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်ပြီး အခုလို မုန်တိုင်းတွေ အကြိမ်ရေ ပိုများပြီး ပိုအားပြင်းလာကြတာဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ 

အိန္ဒိယ အရှေ့ကမ်းရိုးတန်းတစ်လျှောက်မှာ နေထိုင်ကြတဲ့ ပြည်သူ နှစ်သန်းနီးပါးကို ခိုလှုံရေးစခန်းတွေဆီ ပို့ဆောင်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခု မုန်တိုင်းဟာ နိုင်ငံမှာ ယိုယွင်းဆိုးဝါးနေတဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုတွေကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ 

“အခု ဆိုင်ကလုန်းမုန်တိုင်းဟာ ကိုဗစ်-၁၉ ကူးစက်ခံရတာနဲ့ ကိုဗစ်-၁၉ သေဆုံးရသူတွေကြောင့် သောကပွေနေတဲ့ ကမ်းရိုးတန်းခရိုင်တွေက မိသားစုပြည်သူများစွာအတွက်တော့ ကြောက်မက်ဖွယ် ဆိုးဝါးတဲ့ ထိုးနှက်ချက်ပါပဲ”လို့ အနောက်ဘန်ဂေါ ဖွံ့ဖြိုးမှုဝန်ကြီး ဘန်ကင်ချန်ဒရာဟာဇရာက အေအက်ဖ်ပီကို ပြောပါတယ်။ 

“အနောက်ဘန်ဂေါ ကမ်းရိုးတန်းဒေသမှာ ပြည်သူသန်းဝက်နီးပါးကို သူတို့ အိမ်တွေကနေ ဘေးလွတ်ရာ ရွေ့ပေးထားတယ်၊ လူခွာနေတဲ့ စည်းမျဉ်းကို ကျင့်သုံးနေရဆဲမို့ ခိုလှုံရေးစခန်းတွေဆီ ခုလို ပို့ရတာဟာ စိန်ခေါ်မှုကြီးပဲ ဖြစ်တယ်”လို့ သူက ပြောပါတယ်။ 

ပြည်နယ်ရဲ့ မြို့တော် ကိုလ်ကတ္တားအပြင် ခြိမ်းခြောက်မှုအောက် ရှိနေတဲ့ ခရိုင်ဒေသတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးစင်တာတွေကို ပိတ်ထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းအတွင်း ဆေးရုံတွေမှာ အောက်ဆီဂျင်ထောက်ပံ့မှုနဲ့ ဆေးဝါးပစ္စည်း မပြတ်စေရဖို့လည်း ကြိုးပမ်းနေကြရပါတယ်။ 

အိမ်နီးချင်း ဩရိဿပြည်နယ်က ကမ်းရိုးတန်းခရိုင်တွေမှာ လူပေါင်း ၁ ဒသမ ၄ သန်းနီးပါးကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပြီး သဘာဝဘေးနှင့် ကယ်ဆယ်ရေးဝန်ထမ်း ထောင်ပေါင်းများစွာကို ဖြန့်ကြက်ထားကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

ခိုလှုံရေးစခန်းတွေမှာ လူခွာနေလို့ ရအောင်နဲ့ နှာခေါင်းစည်းနဲ့ လက်ဆေးရည်တွေ မပြတ်ရအောင် စီမံဆောင်ရွက်နေတယ်လို့ ပြည်နယ် အထူးကယ်ဆယ်ရေးကော်မရှင်နာ ပရာဒိဂျီနာက ပြောပါတယ်။ 

အနောက်ဘန်ဂေါ အရှေ့ပိုင်းမှာ တည်ရှိတဲ့ ဘင်္လားဒေ့ရှ်က တာဝန်ရှိသူတွေကတော့ မုန်တိုင်းဟာ မြစ်ဝကျွန်းပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ မဝင်ရောက်နိုင်ဘူးလို့ ပြောပါတယ်။ 

ဘင်္ဂလားပင်လယ်အော်ဟာ ပင်လယ်ရေမျက်နှာပြင် အပူချိန် မြင့်တက်တာအပါအဝင် မုန်တိုင်းဖြစ်ပေါ်လေ့ရှိပါတယ်။ 

သမိုင်းတစ်လျှောက် လူအသေအဆုံးများတဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်ပြီး အဲဒီအနက် ၁၉၇၀ ခုနှစ်က ဘင်္ဂလားဒေ့ရှ်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းမှာ လူသန်းဝက်နီးပါး သေဆုံးခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required