သီတင်းပတ်များစွာကြာ စောင့်ဆိုင်းနေရသော်လည်း မြန်မာပြည်၀င်ခွင့်ရရန် မျှော်လင့်နေဆဲဟု ကုလသံတမန် ပြော

သီတင်းပတ်များစွာကြာ စောင့်ဆိုင်းနေရသော်လည်း မြန်မာပြည်၀င်ခွင့်ရရန် မျှော်လင့်နေဆဲဟု ကုလသံတမန် ပြော

မေ ၂၅

မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခွင့်အတွက် အာဏာသိမ်းစစ်အုပ်စု၏ ခွင့်ပြုချက်ရရန်အလို့ငှာ ဒေသတွင်း၌ သီတင်းပတ်ခုနစ်ပတ်ကြာအောင် စောင့်ဆိုင်းနေရသော်ငြား မြန်မာပြည်သို့ ၀င်‌ရောက်ခွင့်ရမည်ဟု လက်ရှိအချိန်အထိ မျှော်လင့်ထားဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ခရစ္စတင်း ရှာရန်နာ ဘာဂျီနာက မေလ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဧပြီလကုန်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ၌ မြန်မာအာဏာသိမ်းခေါင်း‌ဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့စဥ်အတွင်း အာဏာသိမ်းခေါင်းဆောင်က သူမနှင့် နောက်ထပ် စကားပြောချင်စိတ်မရှိတော့ပါဟု ပြောကြားခဲ့ခြင်းမရှိကြောင်း ကုလသံတမန်က ဘန်ကောက်မြို့တွင် ပြုလုပ်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ကုလ သံတမန် ဘာဂျီနာသည် ဧပြီလအစောပိုင်းနောက်ပိုင်း သူမ၏ အချိန်အများစုကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကုန်ဆုံးထားခဲ့သည်။

“ပြီးခဲ့တဲ့ တွေ့ဆုံမှုတုန်းက ဗိုလ်ချုပ်မှူးကြီး ပြောခဲ့တာက ကျွန်မ မြန်မာပြည်လာဖို့ သင့်တော်တဲ့အချိန်မကျသေးဘူးလို့ပဲ ပြောခဲ့တာပါ၊ အချိန်မကျသေးဘူးလို့ပဲ ပြောခဲ့တာပါ၊ လုံး၀ ‘နိုး’ ဆိုပြီး ပြောခဲ့တာ မဟုတ်ပါဘူး၊ ဒီတော့ ကျွန်မကတော့ ဒီ ဆွေးနွေးမှုကို ဆက်လုပ်ဖို့အတွက် လက်လျှော့သွားမှာ မဟုတ်ပါဘူး” ဟု ကုလသံတမန်က ပြောသည်။

ထို့ပြင် သူမသည် မေလ ၂၅ ရက်တွင် ဂျပန်သို့ သွားရောက်မည်ဖြစ်ပြီး တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ဘာဂျီနာက ပြောသည်။

သူမ ရာထူးခန့်အပ်ခံရပြီးနောက်ပိုင်း တစ်ကြိမ်မှ သွားရောက်ရသေးခြင်းမရှိသည့် တရုတ်နိုင်ငံနှင့်အကြား သူမ၏ ဆက်ဆံရေးနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ဘာဂျီနာက သူမဘက်ကတော့ သွားရောက်တွေ့ဆုံရန် အသင့်ရှိသည်ဟု ပြောခဲ့သည်။

“ဒေသတွင်းမှာ လူတိုင်းအတွက် အတော့်ကို မတည်ငြိမ်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်၊ ရှင်းရှင်းပြောရရင် ကျွန်မကတော့ တရုတ်အစိုးရနဲ့ ဆွေးနွေးဖို့ အဆင်သင့်ပါပဲ၊ ဘာလို့လဲဆိုတော့ အဖွဲ့၀င်နိုင်ငံအားလုံးအတွက် ဆွေး‌နွေးညှိနှိုင်းမှုက အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်” ဟု သူမက ပြောသည်။

လက်ချင်စတိန်းက အဆိုပြုပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ ထောက်ခံထားခဲ့သည့် မြန်မာသို့ လက်နက်ရောင်းချမှုအားလုံး ချက်ချင်း ဆိုင်းငံ့ရေး တောင်းဆိုမည့် ကုလ မူကြမ်းဆုံးဖြတ်ချက်တစ်ရပ်နှင့်ပတ်သက်ပြီး မေးမြန်းရာတွင်လည်း ဘာဂျီနာက သူမ၏ အမြင်ကို ထုတ်ဖော်သွားခဲ့သည်။

“ကျွန်မမြင်တာကတော့ ဆုံးဖြတ်ချက်တစ်ခုဟာ လက်တွေ့အားဖြင့် အရေးပါ ထိရောက်ဖို့အတွက် အရမ်းအားကောင်းဖို့ လိုတယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် နောက်တစ်ခု အရမ်းအရေးကြီးတဲ့အချက်တစ်ခုက အထွေထွေညီလာခံမှာ စည်းလုံးမှုကို ပြသဖို့ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required