လုံခြုံရေးနဲ့ သွားလာခွင့်အခက်အခဲတွေကြောင့် မင်းတပ်ကို အကူအညီပေးနိုင်ရေး နှောင့်နှေးနေလို့ ကုလထုတ်ပြန်

လုံခြုံရေးနဲ့ သွားလာခွင့်အခက်အခဲတွေကြောင့် မင်းတပ်ကို အကူအညီပေးနိုင်ရေး နှောင့်နှေးနေလို့ ကုလထုတ်ပြန်

မေ ၂၁

အာဏာသိမ်းစစ်အုပ်စုနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေခဲ့တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့က ပြည်သူတွေကို အကူအညီပေးနိုင်ရေးဟာ လုံခြုံရေးနဲ့ သွားလာခွင့်အခက်အခဲတွေကြောင့် နှောင့်နှေးကြန့်ကြာနေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်အုပ်စုတပ်သားတွေက လက်နက်နဲ့ လူအင်အားအဆမတန်အသုံးပြုတာ၊ အရပ်သားတွေကို လူသားဒိုင်းသဖွယ် အကာအကွယ်ယူတာတွေလုပ်ခဲ့သလို မြို့က ရေ၊ လျှပ်စစ်မီး၊ ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။  စစ်သားတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေလည်း ရှိနေတယ်လို့ကြားရတဲ့ မင်းတပ်က ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ရေ၊ ခိုလှုံရာနေရာ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်လျက်ရှိပြီး လိင်အခြေပြု အကြမ်းဖက်မှုဆိုင်ရာနဲ့ လူမှုစိတ္တပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးသွားရသူတွေရော၊ မြို့ထဲကျန်ခဲ့သူတွေအတွက်ပါ ဘေးကင်းပြီး နှောင့်နှေးကြန့်ကြာမှုမရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် ကုလနဲ့ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းလုပ်ကိုင်သူတွေကို သွားလာခွင့်တွေပေးဖို့၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ပါဝင်ပတ်သက်သူအားလုံးအနေနဲ့ ကူညီကြဖို့လည်း  တိုက်တွန်းခဲ့ပါတယ်။

တိုက်ခိုက်မှုတွေအရှိန်မြင့်လာလို့ နေရပ်စွန့်ခွာခဲ့ရတဲ့ မင်းတပ်မြို့ခံထောင်ချီဟာ အနီးအနားရှိ တောတောင်တွေထဲမှာ ပုန်းခိုနေရပြီး ထွက်ပြေးခွင့်မရှိခဲ့တဲ့အတွက် မြို့ထဲ ပိတ်မိနေတဲ့ အရပ်သားအများအပြားလည်း ကျန်ရှိနေပါတယ်။

အန္တရာယ်ရှိတဲ့ နေရာက ထွက်ခွာချင်တဲ့ အရပ်သားတွေကို ခွင့်ပြုပေးဖို့၊ ဘေးကင်းမှုအတွက် လုံခြုံရေးယူပေးဖို့၊ ဒဏ်ရာရရှိသူတွေကို ဘေးကင်းလုံခြုံတဲ့ ကျန်းမာရေးစောင့်ရှောက်ရာနေရာတွေဆီ လွှဲပြောင်းပို့ဆောင်ပေးဖို့လည်း ဒီနေ့ မေလ ၂၁ ရက် ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆိုခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required