ပြည်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား ၁ ဦးနဲ့ အရပ်သား ၃ဦးကို စစ်ကောင်စီက ဖမ်းဆီး

ပြည်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား ၁ ဦးနဲ့ အရပ်သား ၃ဦးကို စစ်ကောင်စီက ဖမ်းဆီး

မေ ၂၁

ပြည်မြို့ ကွန်ပျူတာတက္ကသိုလ်က ကျောင်းသားတစ်ဦးနဲ့ အရပ်သား သုံးဦးကို လက်လုပ်ဗုံးဖောက်ခွဲတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက မေလ ၁၉ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ 

မေလ ၁၉ ရက်၊ မနက် ၉ နာရီလောက်က ကွန်ပျူတာတက္ကသိုလ်ကျောင်းသား ကိုထွန်းဘုန်းမြင့်မြတ်ကို သူ့သူငယ်ချင်းတစ်ဦးနဲ့အတူ ဆိုင်ကယ်မောင်းလာနေချိန် နောက်ကနေ  အရပ်ဝတ်ရဲ နှစ်ဦးက ဆိုင်ကယ်နဲ့ လိုက်လာပြီး အ.ထ.က (၁) အနီး ဝိုင်းလ္ဘက်ရည်ဆိုင်ရှေ့မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အဖမ်းမခံရဘဲ  လွတ်မြောက်ခဲ့တဲ့ သူ့ရဲ့ သူငယ်ချင်းက ပြောပါတယ်။

"ငါတို့ကအမှတ် ၁ ကရဲတွေပါ၊ မင်းတို့ကို စစ်စရာရှိတယ်ဆိုပြီး ရဲတစ်ကောင်က
ထွန်းဘုန်းမြင့်မြတ်ကိုဖမ်းထားလိုက်ပါတယ်၊ အဲ့အချိန်ဆိုင်ကယ်တွေကလမ်းအလယ်မှာ ရပ်ထားတာပါ ကား တစ်စီးလာတဲ့အခါဆိုင်ကယ်တွေကိုရွေ့ပေးရမယ်ဆိုပြီးရဲတစ်ကောင်ကသူတို့ဆိုင်ကယ်ကိုတွန်းရွေ့ပါတယ်ကျွန်တော်လည်း ကျွန်တော့ဆိုင်ကယ်ကိုတွန်းရွေ့နေရင်း သော့ကိုဖွင့်ထားပြီးလမ်းဘေးလေးအရောက် သော့ဖွင့်ပြီးအတင်းမောင်း​ပြေးပြီးလွတ်လာတာပါ" လို့ဆိုပါတယ်။ 

ကိုထွန်းဘုန်းမြင့်မြတ်ကို ဖမ်းဆီးပြီး နေ့လည် ၁၁ နာရီအချိန်မှာ ကိုအောင်ဖြိုးထက်၊ ကိုထွန်းလတ်နဲ့ ကိုဟိန်းမြတ်တို့ပါ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။  

သူတို့လေးဦးကို ပဲခူးတိုင်းအနောက်ခြမ်းမှာ အမိန့်ပေးနေတဲ့ ဒေသန္တရ ကွပ်ကဲမှုဆိုင်ရာ စစ်တပ် (ဒကစ)ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူကဆိုပါတယ်။  စစ်ကောင်စီ လက်အောက်ခံမီဒီယာမှာ ဖော်ပြလာတဲ့ပုံတွေ အရ ဖမ်းဆီးခံထားရသူတွေဟာ နှိပ်စက်မှုခံနေရတယ်လို့လည်း ပြောပါတယ်။ 

"လက်ရှိအခြေအနေမှာတော့သူတို့နှိပ်စက်ခံထားရပါတယ်၊ ကျန်တဲ့လူတွေထပ်ဖော်ဖို့တော်တော်စစ်မေးထားပုံရတယ်၊ မျက်နှာတွေဆိုရောင်ကိုင်းနေတာပဲအထိုးခံထားရတာ" လို့ဆိုပါတယ်။ 

မေလ ၁၉ ရက်နေ့ ပြည်မြို့ရဲ့ ပြည်ခိုင်ဖြိုးရုံးအပါအဝင် နေရာသုံးနေရာမှာ ဗုံးပေါက်ကွဲခဲ့တာပါ။ ဖမ်းဆီးခံရသူတွေကို ပြည်မြို့လက်လုပ်ဗုံးပေါက်ကွဲရာမှာ ပါဝင်သူတွေလို့ စစ်ကောင်စီစွပ်စွဲ ထုတ်ပြန်ထားခဲ့ပါတယ်။ 

လွတ်မြောက်လာသူ သူငယ်ချင်းကတော့ "သူတို့ စွပ်စွဲထားတဲ့ဒရုန်းတွေ၊ တူမီးတွေနဲ့ အခြားပစ္စည်းတွေကို ကျွန်တော်တို့မြင်တောင်မမြင်ဖူးပါဘူး" လို့ မဇ္ဈိမကိုပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly