အစ္စရေး-ပါလက်စတိုင်း အပစ်ရပ်ပြီ 

အစ္စရေး-ပါလက်စတိုင်း အပစ်ရပ်ပြီ 
Photo - AFP

မေ ၂၁

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ကို ထိန်းချုပ်ထားသော အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ ဟားမတ်ဇ်တို့ကြား အပစ်အခတ် ရပ်စဲမှုသည် သောကြာနေ့ အစောပိုင်းတွင် စတင်အသက်ဝင်ပြီ ဖြစ်သည်။ 

ပါလက်စတိုင်းနယ်မြေစုမှာ ဗုံးကြဲတာတွေနဲ့ အစ္စရေး ပြည်သူများစွာ ဒုံးကျည်ရန်က လွတ်ဖို့ ဗုံးခိုကျင်းတွေမှာ ပုန်းအောင်းနေခဲ့ရတဲ့ လူအသေအဆုံးများတဲ့ ၁၁ ရက်တာ တိုက်ပွဲတွေအပြီးမှာ ခုလို အပစ်ရပ် အသက်ဝင်လာခဲ့တာပါ။ 

အပစ်ရပ် စတင်အသက်ဝင်တာနဲ့ မိနစ်ပိုင်းအတွင်း ဂါဇာက လမ်းတွေမှာ ကားဟွန်းတွေ တီးကြတာ၊ လေထဲ သေနတ်ပစ်ဖောက်တာတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြတာကို ကြားရတယ်လို့ အေအက်ဖ်ပီသတင်းထောက်က ပြောပါတယ်။ သိမ်းပိုက်ခံ အနောက်ဖက်ကမ်းမှာလည်း ပျော်ရွှင်နေတဲ့ လူအုပ်တွေဟာ လမ်းတွေပေါ် ထွက်လာခဲ့ကြပါတယ်။ 

ဟားမတ်ဇ်ဒုံးကျည်တွေအတွက် အစ္စရေးဖက်မှာ သတိပေးဥဩဆွဲတာမျိုး မကြားရတာနဲ့အတူ သောကြာနေ့ အစောပိုင်းနာရီတွေမှာပဲ အပစ်ရပ်ဟာ တကယ်အသက်ဝင်လာခဲ့ပုံလည်း ရပါတယ်။ 

မေ ၁၀ ရက်က စတင်ဖြစ်ပွားတဲ့ သွေးချောင်းစီး တိုက်ပွဲတွေ အဆုံးသတ်ရေး ပြင်းထန်တဲ့ နိုင်ငံတကာဖိအားပေးမှုတွေနောက်မှာ အီဂျစ်နဲ့အတူ ဂါဇာမှာ ဒုတိယ အင်အားအတောင့်ဆုံး လက်နက်ကိုင်အုပ်စု Islamic Jihad တို့ ကြားဝင်ဖြန်ဖြေရာကနေ အပစ်အခတ်ရပ်စဲမှု သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။ 

အပစ်ရပ် သဘောတူညီချက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြိုဆိုပါတယ်။ 

“ရှေ့ဆက်ပြီး အခြေအနေတွေ ဒီထက်မက ပိုကောင်းအောင် ဆောင်ရွက်နိုင်ဖို့အတွက စစ်မှန်တဲ့ အခွင့်အလမ်းတစ်ရပ်ကို ကျွန်တော်တို့တွေ ရရှိတာလို့ ကျွန်တော် ယုံကြည်ပါတယ်၊ ကျွန်တော်အနေနဲ့ ရှေ့ဆက်တိုး လုပ်ဆောင်သွားဖို့အတွက်လည်း ကတိပေးပါတယ်”လို့ အိမ်ဖြူတော်မှာ ဂျိုးဘိုင်ဒင်က ပြောရင်း သဘောတူညီချက်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ အီဂျစ်ရဲ့ အခန်းကဏ္ဍကိုလည်း ချီးမွှမ်းခဲ့ပါတယ်။ 

ချွင်းချက်မရှိ အပြန်အလှန် အပစ်ရပ်ရေးအတွက် အီဂျစ်ရဲ့ ညှိနှိုင်းမှုကို လက်ခံဖို့ အားလုံးသော လုံခြုံရေးတာဝန်ရှိသူတွေရဲ့ ထောက်ခံချက်ပေးတာကို လုံခြုံရေးကက်ဘိနက်အဖွဲ့က တစ်ညီတစ်ညွတ်တည်း လက်သင့်ခံခဲ့တာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ 

ဟားမတ်ဇ်နဲ့ Islamic Jihad အဖွဲ့တို့ကလည်း အပစ်ရပ်ကို အတည်ပြုတဲ့ ထုတ်ပြန်ချက်အသီးသီး ထုတ်ခဲ့ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly