ကမ္ဘာကြီး ပိုလုံခြုံရေး ပူးပေါင်းရန် ရုရှကို တိုက်တွန်းပေမယ့် ရန်လိုနေရင် တုံ့ပြန်မယ်လို့ အမေရိကန် သတိပေး 

ကမ္ဘာကြီး ပိုလုံခြုံရေး ပူးပေါင်းရန် ရုရှကို တိုက်တွန်းပေမယ့် ရန်လိုနေရင် တုံ့ပြန်မယ်လို့ အမေရိကန် သတိပေး 
Photo - AFP

မေ ၂၀

ကမ္ဘာကြီး ပိုမိုဘေးကင်းလုံခြုံရေးအတွက် ရုရှနဲ့အတူ ပူးပေါင်းဆောင်ရွက်ရေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကန်က ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းပြောဆိုပေမယ့် ရုရှဟာ ရန်လိုတဲ့ အပြုအမူတွေ ပြုကျင့်နေမယ်ဆိုရင် အမေရိကန်က တုံ့ပြန်ရလိမ့်မှာပဲ ဖြစ်တယ်လို့ပါ သတိပေးလိုက်ပါတယ်။ 

“ကျွန်တော်တို့ရယ်၊ ကျွန်တော်တို့ မိတ်ဖက်တွေနဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို ရုရှက ရန်လိုစွာ ပြုမူနေရင် ကျွန်တော်တို့က တုံ့ပြန်သွားမှာ ဖြစ်တယ်”ဆိုပြီး အာတိတ်ကောင်စီ အစည်းအဝေးပြင်ပန်းမှာ ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်နဲ့ အပြန်အလှန်ဆွေးနွေးပွဲအစမှာ ဘလင့်ကန်က ပြောတာပါ။ 

ဒါပေမယ့် ရုရှနဲ့ အမေရိကန်ခေါင်းဆောင်တွေဟာ အတူတကွ လက်တွဲပူးပေါင်းနိုင်မယ်ဆိုရင် ကမ္ဘာဟာ ပိုပြီး ဘေးကင်းတဲ့၊ ပိုပြီး လုံခြုံရာ ဖြစ်လာမှာပါ”လို့ သူက ဖြည့်စွက်ဆိုပါတယ်။ 

ရုရှနိုင်ငံခြားရေးဝန်ကြီးကလည်း ဆွေးနွေးပွဲတွေသာ ရိုးသားမယ်ဆိုရင် အမေရိကန်နဲ့ အကြောင်းချင်းရာအားလုံးကို ဆွေးနွေးဖို့ ရုရှက အဆင်သင့်ပဲလို့ ဘလင့်ကန်ကို ပြောဆိုပါတယ်။ 

“ကျွန်တော်တို့ ပြဿနာကိစ္စရပ်အားလုံးကို ချွင်းချက်မထားဘဲ ဆွေးနွေးဖို့ အသင့်ပါပဲ၊ ဒါပေမယ့် ဆွေးနွေးပွဲတွေဟာ ရိုးသားရမှာ ဖြစ်ပြီး အပြန်အလှန် ယုံကြည်မှုအပေါ် အခြေခံရမယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်”လို့ လက်ဗရော့ဗ်က ပြောပါတယ်။ 

အမေရိကန်နဲ့ ရုရှနိုင်ငံခြားရေးဝန်ကြီးတွေဟာ သမ္မတ ဂျိုးဘိုင်ဒင် တာဝန်ယူချိန်ကစလို့ ပထမဆုံး တွေ့ဆုံဆွေးနွေးရာမှာ တင်းမာမှုတွေ လျော့ပါးရေး ကြိုးပမ်းလာကြပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးမှာ သူတို့တွေအနေနဲ့ အသင့်ရှိကြောင်းကို ပြောဆိုကြပေမယ့် ပြိုင်ဖက်နှစ်နိုင်ငံကြားက ကြီးမားကျယ်ပြန့်တဲ့ သဘောထားကွဲလွဲမှုတွေရဲ့ ရိုက်ခတ်မှုကိုလည်း သတိပေးပြောဆိုကြတာ ဖြစ်ပါတယ်။ 

အိုက်စလန်မှာ ကျင်းပတဲ့ အာတိတ်ကောင်စီ အစည်းအဝေးရဲ့ ပြင်ပန်းက အခု မျက်နှာချင်းဆိုင် ဆွေးနွေးပွဲတွေရဲ့ ထုတ်ပြန်လချက်တွေဟာ စစ်အေးအဆုံးသတ်ချိန်ကစပြီး ဆက်ဆံရေး အနိမ့်ဆုံးရောက်နေတဲ့ ရုရှ-အမေရိကန် နှစ်နိုင်ငံကြားက တင်းမာမှုတွေ လျော့ပါးရေးအတွက်တော့ ရှေ့ပြေးနမိတ်ကောင်း မဆောင်နိုင်သေးဘဲ ရှိနေဆဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required